ထပ်မမွှေပါနဲ့
*********

ထမင်းစားပြီး စာအုပ်တစ်အုပ်ဖတ်ဖို့ကောက်ကိုင်လိုက်ရင်ပဲ စိတ်ထဲမှာ ကော်ဖီတစ်ခွက်ကို တောင့်တမိတယ်။ ကော်ဖီနဲ့စာအုပ်ဆိုတာ ကျွန်မအတွက်တော့ အလိုက်ဖက်ဆုံးစားသုံးဖွယ်ရာတွေပါ။ခပ်ခါးခါးကို လည်းသဘောကျ ။နှပ်သောက်ဖို့ကိုလည်း သီးသန့် ချိန်မပေးနိုင်တဲ့ကျွန်မအတွက် 2 in 1 ကော်ဖီအထုပ်ကလေးက အနည်အနှစ်ကလေးတွေကို စစ်သောက်ရတာကလွဲရင်တော်တော် အဆင်ပြေပါတယ်။ကော်ဖီထုပ်ကို ဖောက်နေတုန်း အပြင်အညွှန်းမှာ ရေးထားတဲ့ " အဖုံးပိတ်ပြီးလျှင်ထပ်မမွှေပါနှင့် " ဆိုတဲ့ အညွှန်းလေးကိုဖတ်မိလိုက်တယ်။အေးလေ။ ထပ်မွှေမှတော့ အနည် တွေပြန်ထကုန်တော့မှာပေါ့ ။

ကော်ဖီသောက်ရင် ရေနွေးကို ပူနိုင်သမျှ ပူမှ ကျွန်မကြိုက်ပါတယ်။ဖြစ်နိုင်ရင် သောက်ခါနီးမှ တစ်ခွက်စာ ထပ်တည် ပြီး သောက်ချင်တယ်။ရေနွေးပူလေ အမှုန့်တွေ အားလုံး အရည်ပျော်လေ ။ သောက်လို့ကောင်းလေ မဟုတ်လား။ နှံ့စပ်အောင် ဇွန်းနဲ့သေချာမွှေဖို့လည်း အရေးကြီးသေးတယ်။မွှေတာ မနှံ့တဲ့အခါ အရသာက ပေါ့ရွှတ်ရွှတ်ကြီးလို ။အောက်က အနည်အနှစ်တွေထဲ ကျန်နေသေးတဲ့နှမြောစရာ သကြားတွေ ကြောင့်များလား။အင်း …အရသာမှာ တစ်ခုခုလိုနေသေးတာတော့ သေချာပါတယ်။

မွှေပြီး တာနဲ့ မပြီးသေး။အဖုံးပိတ်ပြီး ကော်ဖီအနည်ကျအောင် ခဏတော့စောင့်ရသေးတယ်။လက်ဆော့ပြီး အဖုံးဖွင့် သွားများမွှေမိရင် သွားပေရော့။ကြမ်းရှရှနဲ့ တစ်စက်မှ သောက်မကောင်းတော့ပါ။ကျွန်မအတွက်တော့ အဲ့ဒီလို စာအုပ်လေး ဖတ်ရင်း အချိန်နည်းနည်းကြာမှ အခြားခွက်ကလေးတစ်ခုထဲ ကဲ့သောက်ရတဲ့ အနည်မပါ ကော်ဖီ လေးရဲ့ အရသာဟာ ဘာနဲ့မှကို မလဲနိုင်ပါ

့ ကော်ဖီခါးခါးလေး ကို တစိမ့်စိမ့်သောက်ရင်း ကျွန်မတွေးနေမိတယ်။ လူ့ဘဝကရော……… ကလေးဘဝ ကတော့ သန့်သန့်စင်စင်လေး…။ ရေနွေး မထိရသေးတဲ့ ကော်ဖီမှုန့်ကလေးလို ခြောက်ခြောက်သွေ့သွေ့ လတ်လတ်ဆတ်ဆတ်။ အချိန်တန် အရွယ်ရောက် လုပ်ငန်းခွင်ထဲဝင်တော့ စိတ်တွေဟာ ရေနွေးထိ ကော်ဖီမှုန့်လို ပူလောင်လာကြတယ်။ ရေနွေး အပူဆုံး နဲ့ထိတွေ့ပြီး နှံ့စပ်အောင်မွှေထားတဲ့ ကော်ဖီဟာ သောက်ကောင်းသလို ဒုက္ခ အပူဆုံးတွေကိုရင်ဆိုင်ပြီး လောကဓံနဲ့ ခပ်ကြမ်းကြမ်း အမွှေ့ ခံလိုက်ရပြီး တဲ့လူသားတွေဟာလည်း အဖိုးတန်လာတာပဲမဟုတ်ပါလား။ အခက်အခဲ ဘယ်လောက်တွေ့တွေ့ အကောင်းဆုံး လူတစ်ယောက်ဖြစ်အောင် စမ်းသပ် ခံနေရ တာပဲ လို့ပဲ အောက်မေ့လိုက်ပါ သူငယ်ချင်း။အလွန်သန်မာတဲ့ သံမဏိဓားဟာ ပန်းပဲဖိုထဲမှာ မီးအပြင်းဆုံး နဲ့ထိပြီး မှ ဖြစ်လာရတာ မဟုတ်လား……။

ဘယ်လောက်ကြီးမားတဲ့အခက်အခဲပဲဖြစ်ဖြစ် ဘယ်လောက်ကြုံရတဲ့ လောကဓံဖြစ်ဖြစ် တစ်ချိနိချိနိမှာတော့ ငြိမ်သက်သွားစမြဲပါ။အချိန်တစ်ခုတော့လိုတာပေါ့။ကန်ရေပြင်ဟာ ခဲလုံးလေး ပစ်လိုက်တဲ့တစ်ခဏတော့ လှိုင်းဂယက်ထသွားတာပါပဲ။ မွှေထားတဲ့ကော်ဖီခွက်ကလေးကရော။အဖုံးလေး ပိတ်။ခဏလေးစောင့်လိုက်ရင်
ငြိမ်သွားတာပဲလေ။ အချိန်နဲ့အတူ မစောင့်ပဲ ခွက် အဖုံးကိုဖွင့် ။ထပ်ထပ်ပြီး မွှေရင်တော့ အကျိုးမရှိပဲ ကော်ဖီ အရသာ ပျက်ရုံ ပဲရှိတော့တယ်။

အဲ့ဒီလိုပါပဲ။ပြီးသွားတဲ့ ကိစ္စတွေကို တွေး။ဓာတ်ပြားဟောင်းကြီး နဲ့ထပ်ထပ်ဆွေး နေ ရင်တော့ လက်ရှိအလုပ်မှာပါထိခိုက်။ကိုယ့်ပျော်ရွှင်ခြင်းတွေပါ ပျောက်ရှရုံ ရှိတော့မှာပေါ့။

တစ်ခုခုမှာကျရှုံး ရင် အဲ့ဒီအရှုံးကို ထပ်မတွေးပါနဲ့။အခုပဲအောင်မြင်အောင် စလုပ်လိုက်ပါ။ ကိုယ့်အပေါ် အရမ်းကောင်းတဲ့ချစ်သူကို သူ့အရင်က ပြီးခဲ့တဲ့ဇာတ်လမ်းတွေကို ပြန်အစဖော်ပြီး ပြသနာ မရှာပါနဲ့။သူ့အတိတ်ရဲ့အနည်အနှစ်တွေ ဟိုးအောက်ခြေကို ကျဖို့ ကိုယ်က အခွင့်အရေးပေးလိုက်ပါ။လက်ရှိ သူ့ရဲ့ အချစ်ရဆုံးလူတစ်ယောက် …နားလည်မှုအရှိဆုံးလူတစ်ယောက်အဖြစ် ပျော်ပျော်ရွှင်ရွှင် ရပ်တည်ပါ။ ပျောက်ရှသွားတဲ့ ဆုံးရှုံးသွားတဲ့ တစ်စုံတစ်ခု အတွက်လည်း တွေးတွေးပြီးဝမ်းမနည်းပါနဲ့။သင်ခန်းစာ ယူစရာရှိတာ ယူပစ်ပြီး ကို
့်စိတ်ရဲ့ ဝမ်းနည်းခြင်း အနည်အနှစ်တွေကို အချိန်နဲ့အတူ ဟိုး အောက်ကို ကျသွားပါစေ ။ အတိတ်ကို အဆိုးဖက်ကနေ ပြန်ပြန်တွေးပြီး ဝမ်းနည်း သံသယ ဝင်နေ ဒေါသဖြစ်နေတာဟာ အဖုံးပိတ်ပြီး ခဏထားရမယ့် ကော်ဖီခွက်ထဲ ဇွန်းနှစ်ပြီး ထပ်ထပ် မွှေနေသလိုပါပဲ။ အနည်ထိုင်အောင် ပြန်ပြန်စောင့်ရရင်း နဲ့ စိတ်မသက်မသာ မှု တွေကို ပဲဖြစ်စေတတ်ပါတယ်။

ဒါကြောင့် …အပျော်ရွှင်ဆုံး ဘဝ တစ်ခုကို ပိုင်ဆိုင်ဖို့……

ဘဝကော်ဖီခွက်မှာ ပျော်စရာမကောင်းတဲ့ အတိတ်ကို သံသယတွေ ဝမ်းနည်းခြင်းတွေ နဲ့ ထပ်ထပ်မမွှေပါနဲ့ …………။

ဝတ်မှုံလေး