ကျွန်ုပ်နှင့်ထူးဆန်းသော အပုပ်နံ့ကြီး……


*****

တစ်နေ့သ၌ ကျွန်ုပ် မှုံမှုံလေးသည် ရုံးပိတ်ရက်ဖြစ် စိတ်ညစ်ရန် မလို အချိန်ပိုမရှိသည်ကတစ်ကြောင်း အားလျှင် ကျွန်ုပ်ထတတ်သည့်ဝေဒနာ အပျင်းရောဂါ ကြောင့် တစ်ကြောင်း ဘာမှမလုပ် ဘယ်မှမသွား အခန်းထဲရှိ တမံ တလင်းပြင် ပြောင်ချောချောပေါ် တွင်ထိုင် ပူအိုက်သည့် ဝေဒနာကို အလူးအလှိမ့်ခံစားပြီး မှိုင်နေမိလေသည်။ကျွန်ုပ်၏ ဘေးတွင်ကား စက္ကူအဟောင်းများထည့်သော ပလတ်စတစ်အိတ်ကြီးမှာ အုပ်အုပ်ဆိုင်းဆိုင်း နေရာများစွာယူထားလျက်ရှိ၏။

ထိုအချိန်သည်နေ့ခင်းဖက်အချိန်ဖြစ်လှ၍ပူအိုက်သည်နှင့်အညီ တံခါးမကြီးကိုဖွင့်ထားမိရာ တံခါးမကြီးမှ ကျွီကျွီ မြည်သံပေးသည့်အသံကြောင့် ကျွန်ုပ်မှာ အတော်အတန် စိတ်ဂယောက်ကယက် ဖြစ်ကာ ဝိညာဉ်ရှိုက်သံ ဇာတ်ကားမှ မေဘယ်လ်၏ မျက်နှာကြီးအား ပြေးပြေးမြင်လာမိချေ၏ ။ခြံတွင်းဖ်ွင့်ထားသော ပထမတန်းကျောင်းသားလေးများလာတက်သည့်ကျူရှင်မှာလည်း ပြီးဆုံးပြီဖြစ်၍ စာအံသံများလည်း မကြားရတော့ပဲ ပတ်ဝန်းကျင်တွင် ထို ကျွီကျွီသံမှတစ်ပါးတိတ်ဆိတ်နေ၏ ။ ကျွန်ုပ်မူကား ကြက်သီးထ လွန်းသည်ဖြစ်၍ ထိုင်ရာမှ ထ တံခါးဖက်သို့ယောင်၍မျှ ခြေလှမ်းမကြွမိချေ။ ရဲရင့်လွန်းသောကျွန်ုပ်ပါတကား ။

ခဏမျှ ကြာသော် တကျွီကျွီ မြည်သံအပြင် ကျွန်ုပ်၏ နှာခေါင်းထဲတွင် အနံ့တစ်မျိုးရလာသည် ထင်ရ၏ ။ စိမ်းရွှေရွှေ ပုပ်အဲ့အဲ့အနံ့မျိုး။သတ္တိကောင်းလှသော ကျွန်ုပ်ကားလိပ်ပြာလွင့်လုနီးပါးကြောက်လှသော်လည်း စူးစမ်းလိုစိတ်လည်း ဖြစ်လာ၍ အပျင်းဝတ်ရုံကို ခေတ္တ ချွတ်ခွာချလျက် အခန်းထဲကိုတစ်ပတ်လှည့်ပတ် ဓာတ်မီးတစ်လုံးဖြင့်နှံ့စပ်အောင်ရှာဖွေသော်လည်း မည်သည့်ထူးခြားချက်မျှ မတွေ့မိချေ။လေသည် တံခါးအပြင်ဖက်သို့တိုက်နေသည် ဖြစ်သောကြောင့် အနံ့သည် အခန်းတွင်းမှ မုချ လာရမည် ဟု ကျွန်ုပ်မှတ်ချက် ချမိ၏ ။ သို့မဟုတ် အခန်းခေါင်းရင်းမှပြတင်းပေါက်အားလည်း ဖွင့်ထားပေရာ အနှီပြတင်းပေါက်မှ ဖြတ်လျက် တိုက်ခတ်လာသော အောဒီကလုံး အဲလေ အပုပ်နံ့လည်းဖြစ်နိုင်၏ ။

သို့နှင့် ကြက်သွန်လှီးသည့် ဓားမကြီး တစ်ချောင်းကို အားကိုးလျက်ကျွန်ုပ်သည် အိမ်ခေါင်းရင်းသို့ ဟန်ပါပါသွားကာ စူးစမ်းကြည့်ရာ အိမ်ခေါင်းရင်းတွင် များပြားလှသောခြေရာကလေးများကို အနှံ့အပြားတွေ့မိရုံသာမက ထိုခြေရာကလေးများ၏ ပတ်ဝန်းကျင်တွင် ပွယောင်းနေသောမြေကြီးကိုပါ တွေ့ရလေ၏ ။ခြေရာကလေးများသည် ခပ်စိပ်စိပ်ဖြစ်သောကြောင့် ခြေလှမ်းပိုင်ရှင်သည် အရပ်ပုသူဖြစ်ရမည်ဟုကျွန်ုပ်ခန့်မှန်းမိ၏ ။ခြေရာမှာသဲမြေပေါ်နင်းထားသည့်တိုင် ခပ်တိမ်တိမ်ဖြစ်သောကြောင့် အလေးချိန်သိပ်မရှိသူ ပိန်ပိန်သေးသေးဖြစ်ရမည်ဟု မှတ် ချက်ချမိ၏။ ထို့ပြင်ခြေရာအလယ်တွင် အကွက်ကလေးတစ်ခုဖြစ်နေပြီး ရေများလည်းစိုနေ၏။ခြေရာနှင့် ရေစက်များအတိုင်း အပုပ်နံ့ ၏ သဲလွန်စရှာရန် ရှေ့နောက်မကြည့်လိုက်သွားမိရာ သဲလွန်စသည် ခြံထောင့် အစွန်း အိမ်သာတွင်ရပ်၏ ။ ထို့နောက် အိမ်သာတံခါးပွင့်လာပြီးလျှင် ကျွန်ုပ်တို့ခြံဝန်းရှိ မိဘလာမကြိုသေးဟန်တူသောပထမတန်းကျူရှင် ကျောင်းသားလေးသည် "မမ ရှူးလာပေါက်တာလား " ဟု မျက်လုံးပြူးပြူးလေးနှင့်ပြောရှာ၏ ။ မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့် ကျွန်ုပ်လည်း ရှက်ကိုးရှက်ကန်းဖြင့် ဘာမှပြန်မပြောပဲထွက်လာလျက် အခန်းထဲတွင် ပြန်ပတ်ရှာပြန်၏။

လေပူများကား အရှိန်အဟုန်ဖြင့် တိုက်ခတ်လေရာ အခန်းမှာပူလောင်အိုက်စပ်လာကာ အနံ့မှာလည်း တိုး၍ တိုး၍ ဆိုးရွားလာ၏ ။ကြောက်စိတ်များကား ကျွန်ုပ်၏ စိတ်ဝိညာဉ်မှကင်းကွာကာ သိလိုစိတ်တို့သည်ပြင်းပြလာ၏ ။ ထို့ကြောင့်မျက်နှာကိုမော့ နှာခေါင်းကို ပွ လျက် သေချာအနံ့ခံကြည့်၏ ။ ငါးသတ္တဝါတို့၏ အပုပ်နံ့မျိုးမဟုတ်။ငါးပုပ်နံ့မျိုးမှာ သိပမစူးရှသည့်အပြင် ယခုရသောအနံ့ကဲ့သို့လည်း ခပ်ဟောင်ဟောင်မဟုတ်။ကြွက်ပုပ်နံ့ကဲ့သို့လည်း နင့်နင့်သည်းသည်း မနံချေ။ယခုအနံ့မှာ ယခင်က မရဖူးသောအနံ့မျိုး အလွန်ဆိုးဝါးဝါး ဖြစ်၏ ။ ကျွန်ုပ်ဖတ်ဖူးသော အနံ့ကျမ်းများအရ ဆိုလျှင် ယခုအနံ့သည် ဂေါ်ဇီလာမျိုးနွယ်ဝင် သတ္တဝါ တစ်ကောင်ကောင်သေလျှင်ရသောအပုပ်နံ့ဖြစ်၏ ။ အနံ့သည် စူးရှ၏ ။ အသေကောင်အပေါ်တွင် သတ္တဝါအသေးစားလေးများ ပျော်ပါးခုန်ပေါက်နေသော ရွစိစိ အနံ့အသက်များလည်းပါဝင်၏ ။အပုပ်နံ့ပြင်းအား သတ်မှတ်ချက်ဂိတ်ဆုံးဖြစ်၏ ။ အနံ့ကို ခွဲခြားတတ်ပါလျက် ဘယ်ကထွက်နေမှန်း မစဉ်းစားတတ်တော့သောကျွန်ုပ်သည် စိတ်ပျက်ပျက်ဖြင့် ကျွန်ုပ်ရှေ့တွင် ရှိနေသောမျက်စိနောက်ဖွယ်ရာ စက္ကူဟောင်းထည်သည့်ပလတ်စတစ်အိတ် ကြီးကို ဖနောင့်ဖြင့် အကြိမ်ကြိမ်ပေါက်လိုက်မိ၏ ။ ထိုအခါ မှ အပုပ်နံ့၏ အရှင်သခင် ကျွန်ုပ်ခွဲခြမ်းစိတ်ဖြာသည့် ဂေါ်ဇီလာနှင့် ခပ်ဆင်ဆင် ကြောင်ခုတ်ထားပုံရသော ပုတ်သင်ညိုသေကြီးသည် ယင်ကောင်၏ ရင်နှစ်သည်းချာ သားရတနာ အကောင်ပေါက်စ ခပ်ရွရွ ကလေးများ ခြံရံလျက် ကျွန်ုပ်၏ ဖနောင့်အပါး ကားယားကားယားနှင့်ပါလာလေတော့သတည်း ……:/
:/ ဒီနေ့ကံမကောင်းပါ……

သကြားပုလင်း မှုံမှုံ