ဇန်န၀ါရီဖွဲ့ တမ်းဆွတ်ခြင်း
******************
အဲ့ဒီဇန်န၀ါရီပေါ့….
ဖေဖေနဲ့မေမေကို
ပီတိတွေနဲ့ရယ်စေတယ်….
ပြာသိုရဲ့နှင်းတစ်ပေါက်နဲ့
သူတို့ဆီကိုရောက်လာတာ
မေမေအမြဲပြောတာက
သန့်စင်စွာမွေးပြီး…
အေးချမ်းလိုက်တာ…တဲ့..။
.
တကယ့်လက်တွေ့မှာတော့
ဘယ်တော့မှအေးအေးဆေးဆေးမနေတတ်တဲ့ကလေး
ပေါက်ကရတွေလျှောက်တွေးလိုက်
ကမောက်ကမတွေလျှောက်ရေးလိုက်နဲ့
လူတိုင်းကိုလည်း မနွေးထွေး..
သွေးကလည်း အေးသေးတယ်..။

.
ဇန်န၀ါရီရဲ့ စုံညီပွဲတော်တိုင်းမှာတော့
ဆယ့်တစ်နှစ်လောက် အချိန်တွေကို
သမိုင်းသေးသေးလေးတွေရေး
အဖြူအစိမ်းဝတ်ပြီး
အောင်မြင်မှုတွေပေးတယ်..။
.
တစ်ခါတစ်ရံတော့
နှလုံးသားအနီရင့်ရင့်နဲ့
ပန်းနုရောင်တစ်ပွင့်…
.
တစ်ခါတစ်ရံတော့
စိတ်သွားတိုင်းကိုယ်မရောက်
ကျန်းမာခြင်းလာဘ်တွေ ဝေးပျောက်နေတဲ့
ခပ်နွမ်းနွမ်း ပန်းတစ်ပွင့်
မာနနဲ့အိနြေ္ဒကြောင့်
အရောင်နည်းနည်းလေး ရင့်တယ်..။
.
အဲ့ဒီလိုနဲ့ပဲ
တစ်နှစ်မှမပျက်ကွက် ခဲ့ရှာတဲ့
မေမေ့ရဲ့ကြာဇံကြော်အလှူလည်း
နှစ်ဆယ့်သုံး ဆိုတဲ့နံပါတ်ကိုယူခဲ့ပြီ….
.
ကျောင်းသားဘ၀ကို ကျော်ကာဖြတ်
နေရာ တစ်ခုမှာ ခြေ စုံလည်းရပ်နိုင်ခဲ့ပြီ …
.
နွေးထွေးတဲ့ချစ်ခြင်းတစ်ခုရဲ့ အရသာ
နှလုံးသား ဆိုတဲ့ နေရာက ခံစားတတ်လာခဲ့ပြီ..
.
ချစ်တဲ့ ဇန်န၀ါရီရေ…
မင်းဆီကို တစ်ပတ်လည် ချိန်တွေတိုင်းက
မဆုံးတဲ့အိမ်မက်တွေနဲ့
ဘ၀ သံသရာ ကို ကရောကပါး ခရီးဆက်
အသက်တွေ တစ်ရက်တစ်ရက် ကြီးလာတာလေး
အသိဥာဏ်ကို သတိ တွေ လာ.. လာပေး..လို့..။
.
အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments