ညီမလေးသို့ရေးတဲ့စာ


ရဲတင်းပွင့်လင်းတဲ့ ၀တ်စားဆင်ယင်မှုတွေ ဒီဖက်ခေတ်မှာများလာပြီ ညီမလေး..။

ဒီလိုဝတ်စားဆင်ယင်မှုတွေကြောင့်ပေါ်ပြူလာဖြစ် နာမည်ကြီးသွားတဲ့သူတွေကလည်း အများကြီးကိုး။အဲ့ဒီတော့ညီမလေး သူတို့ကို အားကျအတုယူ ၀တ်ဆင်တာ အပြစ်လို့ မြင်ဖို့ကျတော့လည်း ခက်နေပြန်တယ် ညီမလေးရယ်....။

မြတ်စွာဘုရားကဟောခဲ့တယ်။မကောင်းမှုလုပ်ရမှာရှက်ပါ.မကောင်းမှုလုပ်ရမှာကြောက်ပါတဲ့..။ဒုစရိုက်မှုတွေ မကောင်းမှုတွေကို လမ်းပြခေါ်ဆောင်သလိုဖြစ်နေတဲ့ လျှပ်ပေါ်လော်လီဝတ်စားဆင်ယင်မှုမျိုးနဲ့ မြင်သူရင်ကို အေးမြစေတဲ့ ၀တ်စားဆင်ယင်မှုကို ဘာက ပိုကောင်းလဲဆိုတာ ထက်မြက်တဲ့ ညီမလေးတွေးကြည့်တာနဲ့ ဒေါက်ကနဲ သိမြင်နိုင်မှာပါ..။

"ရှည်ကိုရှည်တယ် ကိုယ့်ဘာသာဝတ်ချင်တာဝတ်မှာပေါ့ " လို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ ညီမလေးရေ...တစ်ခါတစ်လေတေ့ အမှန်တရား ဆိုတာ တမာ လိုပါ့ပဲ ခါးပေမယ့် ဆေးဖက်ဝင်တယ်လေ..။ညီမလေးကို တစ်လွဲရေစီးကြောင်းထဲ ထင်ယောင်ထင်မှား မျောပါမသွားစေလိုတဲ့ ဆန္ဒ နဲ့ရေးမိတယ်။ ညီမလေးခွင့်လွှတ်စေချင်မိပါတယ်..။

"ထက်မြက်ထူးချွန်မှု" နဲ့ "ရေပန်းစားထင်ရှားမှု " ဆိုတာ တစ်ခြားစီပါ ညီမလေးရယ်.။ဟိုးငယ်ငယ်က တို့တွေဖတ်ဖူးခဲ့တဲ့မြေခွေးအမြီးပြတ်ပုံပြင်လိုပေါ့..။တစ်ခါတစ်လေ ထောင်ချောက်က လွတ်အောင်ရုန်းရလို့အမြီးပြတ်နေတဲ့မြေခွေးကို ထူးပြီးတင့်တယ်လှပနေသယောင် ထင်မြင်တတ်မိကြတယ်..။ သရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေကြောင့် ကဲ့ရဲ့ ရှုတ်ချဝေဖန်သံတွေကြားမှာ ရေပန်းစားထင်ရှားပြီး ဘ၀ ပျက်နေသူကိုမှ ဘ၀ထူးသူ ၊ တင့်တယ်လှပသူလို့ ထင်မိတတ်ကြတယ်လေ..။

လွတ်လပ်မှု ဆိုတာနဲ့စည်းလွတ်ဝါးလွတ်နေထိုင်မှုဆိုတာကို ရောထွေးပစ်တတ်ကြတယ်.။လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုဆုံးဖြတ်တဲ့နေရာမှာ သူ့ရဲ့ ၀တ်စားဆင်ယင်မှုကလည်း သူ့ရဲ့ စိတ်နေစိတ်ထား စရိုက်လက္ခဏာတို့ကို ရှင်းရှင်းလင်းလင်း သိသာစေတဲ့ အချက်တွေထဲက တစ်ချက်ပဲ ညီမလေး..။

အဲ့ဒါကြောင့် ထက်မြက်ပြီးဥာဏ်ကောင်းတဲ့ညီမလေးကို အိနြေ္ဒ နဲ့ တောက်ပသူလေး ဖြစ်စေချင်မိတယ် ။ရင်ဖုံးရင်စေ့ နဲ့အဘွားကြီးပုံစံမျိုးတွေချည်း ၀တ်ရမယ်လို့တော့မဆိုလိုပါဘူး ညီမလေးရယ်..။ ဒါပေမယ့်  ခေတ်မီပေါ့ပါးတဲ့ လုံလုံခြုံ ခြုံ ချစ်စရာအ၀တ်အစားလေးတွေ ညီမလေး နဲ့ ဆိုဘယ်လောက်လိုက်ဖက်ညီမလဲတွေးပြီး ဒီစာကလေးကို ညီမလေးဆီ ရေးဖြစ်တယ်...။

လိမ္မာပြီး ချစ်စရာကောင်းတဲ့ညီမလေးဒီစာလေးဖတ်ပြီး မနေ့က၀ယ်ခဲ့တဲ့တိုကပ်ကပ်စကပ်ကလေး မ၀တ်ဖြစ်ပါစေနဲ့တော့လို ဆုတောင်းနေမိတယ် ညီမလေးရယ်....။





အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments