စာအုပ်တွေကို ကျွန်မ သိပ်ချစ်ပါတယ် …

သူတို့က ကျွန်မ ဘဝရဲ့ အကောင်းဆုံးသူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။ဘယ်လောက် အလုပ်တွေများများ "ဒီအလုပ်တွေပြီးရင် စာဖတ်ရဦးမယ်" လို့ တွေးမိတဲ့အခါ လူက ပေါ့ပါးသွားပါတယ်။ စာဖတ်ရဦးမယ် လို့ စိတ်ထဲကို နှလုံးသွင်းမိလိုက်တာဟာ ရှေ့ဆက်ပြီး မျှော်လင့်ချက်ရှိသေးတယ်လို့ ဦးနှောက်ကို အချက်ပေးလိုက်သလိုပါပဲ။စာလုံးလေးတွေမြင်ရရင် အကြောင်းပြချက်မရှိပဲ ကျွန်မ သိပ်ပျော်မိပါတယ်။

ဟိုးငယ်ငယ်ကလေးတည်းက "စာအုပ်" ဆိုတဲ့အသံကြားရင် စိတ်ထဲမှာ မရိုးမရွ ဖြစ်လာတတ်ပါတယ်။အိမ်က မိဘတွေက အပြင်ကာတွန်းတွေ ဝတ္ထုတွေ ဖတ်တာကို သိပ်အားမပေးပါဘူး။ဒါကြောင့်လည်း တစ်ကြောင်း စာအုပ်ဆိုင်က ကျွန်မတို့နေတဲ့ရပ်ကွက်လေးနဲ့အရမ်း ဝေးတာကလည်း တစ်ကြောင်းကြောင့် ကျွန်မ စာအုပ်သွားငှားလို့မရခဲ့ပါဘူး။ဒီတော့အိမ်နားပတ်ဝန်းကျင်က စာအုပ်ရှိတဲ့ အိမ်တွေ စာအုပ်ငှားဖတ်တဲ့အိမ်တွေဘက် ကျွန်မခြေဦး လှည့်ဖြစ်ခဲ့ပါတယ် ။ သူတို့က မကြည်ဖြူတဲ့အရိပ်အယောင်ပြနေရင်တောင် ကျွန်မဟာ မျက်နှာပြောင်တိုက် သူတို့ငှားထားတဲ့ စာအုပ်တွေ အကုန်ဖတ်ပြီးမှ ပြန်လာတတ်ပါတယ်။ တစ်ခါတစ်လေ အမေက အိမ်နားက ဆိုင်မှာ မန်ကျည်းသီး သွားဝယ်ခိုင်းရင် မန်ကျည်းသီးကိုထုပ်ထားတဲ့ ရွှေသွေးတေဇ စာစောင်အဟောင်းတွေပေါ်က နားလည်သမျှစာတွေ လမ်းမှာ အကုန်ဖတ်ပြီးမှအိမ်ပြန်တတ်ပါတယ်။

အလယ်တန်းလောက်ရောက်လာတဲ့အခါ ကျွန်မရဲ့ မုန့်ဖိုးတွေဟာ စာအုပ်တွေအဖြစ်ပြောင်းလဲလာခဲ့ပါတယ်။စာအုပ်ဆိုင်ကိုလည်း ကုန်းတက်ကုန်းဆင်း ဖြတ်ကျော်ရင်း နေပူကြဲတဲ ထဲ လမ်းလျှောက် သွားတတ်ခဲ့ပါတယ်။မှတ်မိပါသေးတယ်။ပထမ စ ငှားတဲ့အချိန်က ကျွန်မကို ဆိုင်က မငှားလိုက်ပါဘူး။ကျွန်မ လက်မလျှော့ပဲ ကျောင်းဆင်းချိနိတွေမှာ အဲ့ဒီစာအုပ်ဆိုင်မှာ အမြဲမတ်တပ်ရ့ပ်ခဲ့တယ်။ ကြာတော့ စာအုပ်ဆိုင်ပိုင်ရှင်က သနားလို့ထင်ပါတယ်။ကျွန်မကို စာအုပ်တွေငှားခွင့်ပေးခဲ့တယ်။ အဲ့ဒီအချိန်က စ ပြီး ကျွန်မ ကျောင်းတက်တဲ့အချိန်တစ်လျှောက် ကျွန်မဟာ ပင်တိုင် စာအုပ် ငှားသူ ဖြစ်ခဲ့ပါတယ်။ အမေက ဘယ်လိုဆူဆူ ကျွန်မ က ခေါင်းမာမြဲ စာအုပ်တွေငှားဆဲပါပဲ။

မင့်းမြတ်သူရ ရွှေဥဒေါင်း ဒဂုန်ရွှေမျှား မင်းသိင်္ခ ဂျာနယ်ကျော်မမလေး ဘာစာအုပ်ဖြစ်ဖြစ် ကျွန်မ အကုန်ဖတ်ပါတယ်။ဒဂုန်ရွှေမျှားရဲ့ Sr.H.Ridder.Haggard ဘာသာပြန် ဝတ္ထုတွေကို ကျွန်မ အရမ်းနှစ်သက်မိပါတယ်။ ရှေးဟောင်းကဗျာ မော်ဒန်ကဗျာ ဘာကဗျာ ဘာစာ ဖြစ်ဖြစ် ဗလာစာအုပ် အသေးလေးနဲ့ ကူးမှတ်ထားမိပါတယ်။

ဗဟုသုတ ရ စေဖို့ ဆိုတဲ့ရည်ရွယ်ချက်လည်းမရှိ ဘာကြောင့်မှလည်း မဟုတ်ပါပဲ စာတွေထဲမှာ စီးမျောခံစားရတာ ကျွန်မ အရမ်း နှစ်သက်နေမိပါတယ်။့ ဘာအကြောင်းပြချက်မှ မရှိပဲ စာဖတ်ရခြင်းကို နှစ်သက်တတ်တာဟာ ရောဂါတစ်မျိုး ဆိုရင်တော့ ထိုရောဂါကို ကျွန်မဟာ အခုထိ ပြင်းထန်စွာ ခံစားနေရဆဲသာ ဖြစ်ပါတော့တယ်။

ဝတ်မှုံလေး

Post a Comment

0 Comments