“လေးနှစ်” ၏ ဖြူစင်ခြင်း
*****************
ညရှစ်နာရီတိုင်း
အရပ်ကလေးမမီ့တမီ
စကားလေးမပီ့တပီနဲ့
သောက်တော်ရေချမ်းကို ဟန်ချီချီကပ်..
မျက်လုံးလေးမှိတ်လိုက်ဖွင့်လိုက်နဲ့ နေ့တိုင်းတရားမှတ်
မေမေကတော့
ပြုံးလျက်ပေါ့…။



.
ဘ၀ရဲ့ အကြီးမားဆုံး တာဝန်တွေက
ကိုယ်နဲ့ အရပ်ချင်းသိပ်မကွာတဲ့
ရေနွေးအိုးကြီးထဲကိုရေထည့်ဖို့..
မေမေထည့်ပြီးသားထမင်းပန်းကန်.
တစ်ခုမကျန်အောင်သယ်ဖို့
မေမေသနပ်ခါးလိမ်းပေးရင်
ငြိမ်ငြိမ်လေးနေဖို့..။
.
ဘ၀ရဲ့ အပျော်ဆုံးအချိန်တွေက
တဘတ်ကိုခေါင်းမှာချည်တုပ်..
မင်းသမီးလုပ်ပြီး..သီချင်းဆိုတဲ့အချိန်
ဖျော်ဖြေလို့မောသွားတဲ့အခါ..
မချက်ရသေးတဲ့ ..
မေမေ့ငါးဆုပ်ကြော် တွေ
နှိုက်စားတဲ့အချိန်..
မေမေမုန့်ဝယ်ကျွေးချိန်နဲ့
ဖေဖေကပုံပြောပြချိန်တွေ..
.
စိတ်အညစ်ဆုံးအချိန်တွေက..
မေမေအပြင်ထွက်ရင် မလိုက်ရတဲ့အချိန်
ရေချိုးပြီးတိုင်း မေမေခွံ့ကျွေးတဲ့ သနပ်ခါးတွေစားရချိန်နဲ့
နေမကောင်းတိုင်း..
အပ်ကြီးကိုင်ထားတဲ့ ဆရာဝန်ထံ ရောက်တဲ့အချိန်..
.
မေမေက ဘာကြောင့် ဖေဖေပေးတဲ့ပိုက်ဆံတွေအကုန်မုန့်မ၀ယ်စားသလဲ တွေးဖူးတယ်..။
မှို့ရွက်တွေကိုထုချေကာ ဆီအဖြစ်ရောင်းခဲ့ဖူးတယ်….။
စိတ်ကောက်တဲ့အခါမြေကြီးပေါ်မှာလူးလိမ့်ခဲ့ဖူးတယ်..။
မေမေရိုက်တိုင်း အသံကုန်ဟစ်ပြီးငိုခဲ့ဖူးတယ်….။
ထမင်းဆိုတာ မေမေ့ဆီက ရတာလို့ထင်ခဲ့ဖူးတယ်…။
.
မာန်မာန ဆိုတာ ဘာမှမရှိ
လောဘနဲ့အတ္တ ဆိုတာကို စာလုံးပေါင်းတောင်မသိ
အသိဥာဏ်လေး ငယ်ငယ်နဲ့ “လေးနှစ်” ဆိုတဲ့အရွယ်လေးမှာ…
စံပယ်ပွင့်လိုစိတ်ထားနဲ့အစွှန်းအထင်း တွေ ကင်းဝေးခဲ့ကြပါလိမ့်မယ်..။
.
ပြန်တွေးကြည့်တဲ့အခါ ဖြူစင်တဲ့အတိတ်ကလေးဟာလွမ်းမောတသဖွယ်ရာဖြစ်ပါတော့တယ်..။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments