တနင်္ဂနွေဒိုင်ယာရီ
                                                            *************
****       
  တကယ်တော့ ကျွန်မသည် စိတ်မရှည်တတ်သူ တစ်ဦးဖြစ်ပါသည်။ မည်သည့်ကိစ္စတွင်မဆို ခပ်သွက်သွက်ပြုလုပ်တတ်သူဖြစ်သည်။ စောင့်မျှော်ရခြင်းသည် ကျွန်မအတွက် အပင်ပန်းဆုံး အရာတစ်ခုပင်။ သို့သော် "သူ" ကား ကျွန်မ အတွကိ ခြွင်းချက် တစ်ခု ဖြစ်ပါသည်။ "သူ" နှင့် ပတ်သက်လာလျှင် ကျွန်မဖက်က စောင့်မျှော်ရသည်ချည်းသာ။ သူသည် အလွန်ဆိုးမှန်း သိပါသည် ။သို့သော် ကျွန်မ မပြတ်နိုင်ပါ ။ သူ့ကို သံယောဇဉ်ဖြစ်မိသည်။ သူ့ထံမှ ရမည့် စာများ ကဗျာများကို ကျွန်မ ချစ်သည်။ သူဘယ်လောက် ဆိုးဆိုး သူဘယ်လောက် နောက်ကျကျ သူရောက်သည်အထိ ကျွန်မစိတ်ရှည်လက်ရှည်စောင့်နေမိသည်။ သူသည် ဝန်တိုစိတ်ကြီးမားသူလည်း ဖြစ်သည်။ သူငယ်ချင်းများနှင့် စကားပြောခွင့်ကိုလည်း မပေးချေ။ မလိုတမာစွာ သူတတ်နိုင်သည့် နည်းဖြင့် ဆန္ဒပြကာ ကျွန်မသူငယ်ချင်းများနှင့် စကားပြောခွင့်ကို ပိတ်ပင်တားဆီးပစ်တတ်သည်လေ။
       ကျောင်းစာကို ဟုတ်တိပတ်တိ မကျက်သော်လည်း ပြင်ပစာပေများဖတ်ရှုခြင်းတွင်ဝါသနာကြီး လှသော ကျွန်မသည် သူ့ထံမှ ဖတ်ရမည့် စာများကို ပေါ်လာနိုးနိုးဖြင့် ငံ့လင့်မိသည်။ တစ်ရက်နှစ်ရက်လောက်သူ ပျောက်ကွယ်သွားသည့် နေ့များတွင်မူ ဆိုင်သို့ပြေးကာ ရှိစုမဲ့စုကလေးဖြင့် စာလေးတစ်အုပ်နှစ်အုပ်ကို ခြစ်ခြုတ်ဝယ်ယူရသေးသည်။သူသည် ကျွန်မထံမှ ငွေများကိုလည်း အနုနည်းဖြင့် မသိမသာ ယူသွားတတ်ပါသေးသည်။ သူ့ကြောင့် ပိုက်ဆံကုနိရသည်မှာလည်း မနည်းလှ။ ဖြစ်နိုင်လျှင် ကျွန်မ သူနှင့် အဝေးဆုံးနေရာ သို့ထွက်ပြေး သွားမိချင်ပါသည်။သို့သော် ကျွန်မ မပြတ်နိုင်ပါ။ စွန့်လည်း မစွန့်လွှတ် နိုင်ပါ။ကျွန်မသူ့ကို သိပ်မုန်းသည်။ တစ်ပြိုင်နက်တည်းမှာပင် သိပ်ချစ်နေမိပြန်သည်လေ…။ 
ကျွန်မတစ်ယောက်တည်း မဟုတ်ပါ။သူ့ကို အရမ်းချစ်၍ အရမ်းမုန်းနေသူတွေ အများအပြားပင်။သူ့ကြောင့် ပျော်ရွှင် သူ့ကြောင့်စိတ်မော သူ့ကြောင့် အထီးကျန်မှုကင်းဝေး သူနှင့်ပင် အေးအေးဆေးဆေးနေချင် သူ့ကိုမှ ခုံမင်နေသူတွေ ပေါများလှမည်ကို ကျွန်မတစ်ထစ်ချ ပြောရဲပါသည်။ 
သူ့အမည်ကား အနှေးတကာ့ထွတ်ခေါင် ဖွတ်များနောင် ကျောက်ရုပ်ဖြစ်ကာ မာတောင့်နေသည်အထိ ထိုင်စောင့် news feed ကို တော်တော်နှင့် မရောက်နိုင်ရှာသော" MPT ၏ အင်တာနက်လိုင်း " ဖြစ်သည်လေ။

အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments