လူတစ်ယောက်ဟာ ...
ဘဝ မှာ တစ်ခါတော့
အချစ်စစ်အချစ်မှန်နဲ့
ဆုံဆည်းဖို့ကံ ပါလာတတ်ကြပါတယ်....။
အချစ်စစ် အချစ်မှန် ကို ကြုံတွေ့စဉ်မှာ
ဂရုမစိုက်ပဲ လျစ်လျူရှုမိတဲ့ အခါ……
နောင်အခါ ရရှိမှာ……
"နောင်တ " တပွေ့တပိုက်တွေသာ ဖြစ်ပါတယ်……။
ထိုသို့သောသူတွေဟာ
တကယ်ချစ်တဲ့သူနဲ့
မဆုံဆည်းလိုက်ရမှုကို…
အပေါ်ယံမှာ "အလကားပါကွာ" လို့
ဟားတိုက်ရယ်မောနေကြပေမယ့်
စိတ်ထဲက တ သ သ နှမြော…
ရင်ထဲက တဆစ်ဆစ်နာကျင်…
အပြင်ပန်းကတော့
မစားရတဲ့ စပျစ်သီးကို အရသာမသိပဲနဲ့
"ချဉ်" နေတတ်ကြရတယ်………။
ကိုယ့်လက်ထဲက မီးသွေးခဲဟာ…
သူတစ်ပါးထံမှာ "စိန်" ဖြစ်နေတဲ့အခါ……
မချိတင်ကဲ ဖြစ်တတ်ကြရတယ်.....။
အချစ်မှမဟုတ်ပါဘူး……
ပညာ…
ရုပ်ရည် …
အဆင့်အတန်း ……
အားလုံးကို လိုက်တန်းညှိ ……
ကိုယ့်ထက် နည်းနည်းလေးသာရင်
မနာလို ဖြစ်မိတတ်ကြပါတယ် ……။
တကယ်တော့
ကျွန်မတို့ အားလုံးဟာ ပုထုဇဉ်တွေချည်းပါ……
ပျော်စရာ ရှိရင် ပျော်
ငိုစရာရှိရင် ငိုကြွေးတတ်ကြပေမယ့်
အပြစ် လွတ်အောင်ပျော်…
တစ်ပါးသူတွေ အနှောင့်အယှက်မဖြစ်အောင် စိတ်ညစ်……
စိတ်ကလေး က မဖြူဆွတ်ရင်တောင် မညစ်ထေးဖို့တော့ လိုအပ်ပါတယ်………။
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ……
အားလုံးကို စွန့်ခွာ သွား ကြရမှာ မဟုတ်ပါလားလေ……။
ကံကောင်းမှု တွေ ဆိုတာ
စိတ်စေတနာ ကောင်းတဲ့သူ ထံကိုသာ
အစုလိုက် အခဲလိုက် ရောက်လာတတ်တာမျိုး……
အဲ့ဒီလို ယုံကြည် ချက်အပြည့်အဝနဲ့ ……
ဘဝကို စိတ်ချမ်းသာစွာ လျှောက်လှမ်း……ရငိး
ပျော်ရွှင်တဲ့ မိသားစု …
ရိုးရှင်းပြီးအေးချမ်းတဲ့စိတ်ထားနဲ့ချစ်သူ…
လှပပြီး ပျော်စရာကောင်းတဲ့ ကဗျာတွေ အတွက် ချမ်းမြေ့ပျော်ရွှင်နှစ်သက်လျက်……
ဖေဖေ ဘုရားကန်တော့ရင်မေတ္တာပို့သလို
ကျွန်မကို ချစ်တဲ့ သူတွေရော …
မုန်းတဲ့ သူတွေပါ အေးချမ်းကြပါစေ…ဆုတောင်းပေးနေပါ့မယ်။
ဒါကြောင့် …
ကိုယ့်ကို ချစ်တဲ့သူရှိရှိ
မုန်းတဲံ့သူ ရှိရှိ ……
သူပြုတဲ့ကံသူ့ထံပြန်လာ၏ လို့ပဲသဘောထား…
ကိုယ့်စိတ်ရဲ့ပျော်စရာကို
သူ့ပြောစကားတွေမှာ အားမထားမိပါစေနဲ့ ။
ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ထံမှာပဲထားပါ။
အားလုံးက သူ့ထိုက်နဲ့သူ့ကံ သွားပါလိမ့်မယ်။
ကံ က မျက်နှာမလိုက်တတ်ပါဘူး။ ကောင်းမှုလုပ်ရင် ကောင်းကျိုးကို ကြည်ဖြူချမ်းမြစွာ ပေးတတ်သလို မကောင်းမှုလုပ်ရင် မကောင်းကျိုးကို အညှာတာကင်းမဲ့ ရက်စက်စွာ ဘာမျက်နှာမှမထောက်ပဲပေးတတ်ပါတယ်။
မိမိ၏ စိတ်ကိုသာ အေးချမ်းပျော်ရွှင်စွာနေပါ။ပူလောင်ပြင်းပြမှုတွေ ကူးစက်လာနိုင်မှာ မဟုတ်တော့ပါဘူး။
ကိလေသာမီးကို မီးမှန်း မသိပဲ လောင်မြိုက် ပျော်ဝင် အထင်လွဲမှားမြင်နေတဲ့ ကျွန်မ အပါအဝင် လူသားပုထုဇဉ်တွေ …နေရင်းထိုင်ရင်း ဣသာမစ္ဆရိယ တွေနဲ့ ထပ်မံ မကျွမ်းလောင်ပဲ အေးချမ်းပျော်ရွှင်ပါစေ လို့ ဆုတောင်းပါတယ်……………။
တပည့်လေး တစ်ယောက်က ကျွန်မစစ်တဲ့စာမေးပွဲ ရမှတ်နဲ့ ပတ်သက်ပြီး မနာလို သူတွေကြောင့် စိတ်ဆင်းရဲနေတယ် ပြောတာနဲ့ စဉ်းစားမိသွားလို့ပါ။
ကျွန်မကို မုန်းနေတဲ့သူ မကျေနပ်တဲ့သူ (ရှိခဲ့ရင်) ထိုသူတွေရော မနာလိုသူတွေကြောင့် စိတ်ညစ်နေတဲ့ သူအားလုံးပါ ဖတ်မိပါစေ ။အားလုံးပျော်ရွှင် အေးချမ်းကြပါစေ။
May all be freedom from physical and mental suffering !!!
WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments