အကြိုက်ဆုံး ရတုတစ်ပုဒ် ………
နတ်သျှင်နောင်၏ပေါ်နွေလလျှင် ချီရတု
(ခက်ဆစ်အဖွင့် နှင့် တကွ လေ့လာ နိုင်ရန်)
ပေါ်နွေလလျှင်
တောင်ကခြိမ့်မြူး မင်းလွင်ဦးနှင့်
ပျံ့ပျူးချုပ်ထိုင်း မုန်တိုင်း ဆင်လို
တိမ်ညိုမှိုင်းထပ် ပြက်လျှပ်ပြကာ
စိမ်းဝါမိုးပန်း ထွေထွေစွန်းက
ရေသွန်းသာကြည် ပျေိာရမည်ကို
မြရည်သတ်မှတ် ရောက်ခဲလတ်ဟု
ချစ်ထွတ်တင်သည် ပြာစင်ရွှန်းလတ်
ဖြူဝင်းမွတ်လျှင် ကြာညွတ်ဖယောင်း
နေရှိန်ပျောင်းသို့ ဆင့်လောင်းလွမ်းဝှန်
ရှိလိမ့်ဟန်ကို တိမ်စွန်လေလျှင်
ဖူးရောက်ချင်သည်
ငှက်သွင်ပျံကြွ မတတ်သော်....……။
မျှော်ချေကလျှင်
ကာလအလျောက် ပိတောက်လျှံခဲ
ရွှေရည်စွဲက ပုလဲငုံသွယ်
အလှယ်လှယ်တိ စံပယ်ဖြူဖွေး
စံကားသေးကို မြတ်လေးစုံမက်
ကျွန်ုပ်လက်ဖြင့် ရွေးလျက်ရွရွ
မဆင်ရတည့် ကာလသို့အောင်
ရည်စောင်ပန်းမန် မမီလွန်ခဲ့ ။
ချိန်တန်သို့သည် ပြန်မည်လေသာ
မရောက်လှာဟု ကြံကာခွေ၍
နေလိမ့်မည်ကို ရှိသည်မှုရန်
မင်းရေးဝန်ကြောင့် လျှောက်ပန်စေ့မျှ
မချေရသော် ပြိုက်ကျသွယ်ဖြည်း
နှင်းထက်သည်း၍ ဝမ်းနည်းလျက်ပင်
ပျောင်းလိမ့်ထင်သည်
ညက်စင်စံမျာ့ အထွတ်သော်………………။
ဖျော်ဖြေမှလျှင်
ယုယသံချို ပြေလိုစိမ့်သား
ကျူးပိုက်ဖြား၍ ချီသွားမူးမူး
ရှေ့ရက်ဦးက မကျူးထင်ထင်
ကဆုန်တွင်ကို ကျိုင်းစင်မြခဲ
စစ်ပွဲရန်နှည် ပြန်လျှင်းမည်ဟု
နှုတ်ခြည်ပေါ်သာ ဆိုလေရှာသော်
မလ္လာရနံ့ ထုံပျံ့ပန်းသတ်
ခြူးနတ်ဆင့်ကုံး စိန်ပွင့်အုံးဝယ်
ပင့်ရုံးရွရွ လက်သင်မ၍
သက်မျှငယ်ချစ် ပျောင်းလိမ့်ဖြစ်ကို
စိစစ်မိမိ သတိချုပ်ဆည်
ပြေမည်မျှဝေး ချစ်ဝန်လေးခဲ့
ရေးရေးဖူးချင် မယ်သို့လျှင်သညိ
စက်ရှင်လျှံမျှ ရဟတ်သော်………………။
ရတု
တောင်ငူခေတ်
နတ်သျှင်နောင်
ခက်ဆစ်အဖွင့်
*********
မင်းလွင်
=မြူခိုးမြူငွေ့ ။မြေမှလွင့်ပျံတက်၍ လေပြင်ထဲတွင် မြူမှုန်နှင့် ရောဆိုင်းပျံ့လွင့် နေသောအခိုးအငွေ့။
ပျံ့ပျူး
= သာယာနှစ်သက်ဖွယ်ကောင်းသော။
ကြာညွှတ်ဖယောင်း
=ခွေညွှတ်ညှိုးလျသောကြာ။ပျော့ပျောင်းသောဖယောင်း။
လွမ်းဝှန်
= လွမ်းရှိန်။လွမ်းဟုန်။
ရွရွ
=အသာအယာ
ရည်စောင်
= ရည်ရွယ်မှန်းထားသော
ပြိုက်ကျသွယ်ဖြည်း
= အပြိုင်ပြိုင် အသွယ်သွယ် ဖြည်းဖြည်းသာသာကျဆင်းသည်။
ညက်စင်စံမျာ့အထွတ်
= အသားအရေ ညက်ညောဖြူစင်ရာတွင် စံထားရသူများထက်သာလွန်သူ။
ကျူးပိုက်ဖြား
= ယုယုယယ သာယာစွာ ပြောဆိုသည်။
ချီသွားမူးမူး
=စစ်ချီကာနီး
ကျိုင်းစင်မြခဲ
=ထွားကျိုင်းစင်ကြယ်၍ မြရောင်ကဲ့သို့စိုပြေသော စစ်ထွက်မောင်။
ရန်နှယ်
=ရန်ကို နှိပ်နယ်နှိမ်နင်းသည်။
နှုတ်ခြည်
=နှုတ်မြွက် စကား။
မလ္လာရနံ့
=ပန်းရနံ့
ပန်းသတ်
=ပန်းရနံ့ မွှေးထုံထားသည်
ခြူးနတ်
= ခြူးပန်းခြူးနွယ် နတ်ရုပ်
လက်သင်
=လက်သင်ဆံထုံး
ပျောင်းလိမ့်ဖြစ်ကို
=နွမ်းလျ ပျော့ပျောင်းလိမ့်မည့် အဖြစ်ကို။
စက်ရှင်
=လှည့်ပတ်နေသောနေစကြာ။
ဝါသနာတူ ကဗျာ ချစ်သူများ နုရွ လှပသော စကားလုံး ကျစ်ကျစ်လျစ်လျစ်လေးများကို ခံစားရင်း ပျော်ရွှင်နိုင်ကြပါစေ :)
ဝတ်မှုံလေး၏ စာအိမ်ငယ်



0 Comments