တောင်ငူ မှာ အစည်ကားဆုံးပွဲကို ပြောပါဆိုရင် အဆောင်နားက မိုင်ဒါကွင်းမှာကျင်းပတဲ့ လွတ်လပ်ရေးပွဲ ကို ပြရမယ်။အရင်က စာသင်သွားရင်းဖြတ်ရတဲ့လမ်းတစ်လျှောက် မှာ လူသွားလူလာက ခပ်ကျဲကျဲ။ မနက်ခင်းဆို ခြောက်ကပ်လို့။ ဒီအချိန်ရောက်တော့ စက်ဘီးအပ်ရန်ဌာန ဆိုင်ကယ်အပ်ရန်ဌာနတွေလည်း အဆောင်ရှေ့မှာ အပြည့်။အရင်က နေ့စဉ် ထွက်နေကျ အဆောင်နားက တစ်ရာဖိုးသုံးခု ဆိုတဲ့ အကြော်ဆိုင်လည်း တစ်ခု တစ်ရာ ရောင်းတာတောင် လက်မလည်အောင်ရောင်းနေရတယ်။ ပင်လယ်ဓားပြ တို့ ရဟတ်တို့ ဈေးဆိုင်တန်းတို့က ဖွင့်ထားတဲ့ သီချင်းသံတွေက လည်းသူ့ထက်ငါ အပြိုင်ပွက်လောရိုက်လို့။ဘယ်လောက်စည်ကားတယ်ပြောပြော ကိုယ့်အလုပ်နဲ့ကိုယ် အဲ့ဒီပွဲကျင်းပ ရာနေရာ ဘေးကနေခေါက်တုံ့ခေါက်ပြန် ဖြတ်လျှောက် မိုင်ဒါကွင်းထဲ တစ်ခေါက်မှလည်း မရောက်ခဲ့ပါဘူး။
ဒါပေမယ့်"စာအုပ်တွေ အများကြီးပဲဟေ့" ဆိုတဲ့အသံကြားတာနဲ့ အိတ်တစ်လုံးကို စလွယ်သိုင်းလွယ်ပြီး ခြေလှမ်းပြင် မိတယ်။ ဟိုရောက်တော့ ကောင်းနိုးရာရာ စာအုပ်တွေကို မြန်မြန်ရွေး စာအုပ်တွေပုံရောင်းနေတဲ့ နေရာကနေ ခပ်မြန်မြန်ပြေးမိတယ်။ကြိုက်တဲ့စာအုပ်တွေထပ်ထပ်တွေ့နေပြီ။ပိုက်ဆံမလောက်အောင်အများကြီး ဝယ်မိမှာစိုးလို့။ ဒါတောင်နောက်တစ်ဆိုင် မှာ စိတ်မထိန်းနိုင်ပဲထပ်ဝယ်မိသေးတယ် ။သနပ်ခါးတုံးတွေ အစီအရီချရောင်ြး့ကတာလည်း ဝယ်ချင်စရာ။ အဝတ်အထည်တွေ အိမ်သုံးပစ္စည်းတွေ စားစရာတွေ ကလစ် ခေါင်းစီးကြိုး ကလေးကစားစရာဆိုင်တွေကလည်း သူ့နေရာနဲ့သူ ဝယ်သူတွေနဲ့အပြည့်။ဆရာမ ခင်ခင်ထူးရေးတာထင်တယ်။ဆယ့်နှစ်ပွဲဈေးသည်နှင့် ကျွန်မတို့ အညာဆိုလား။အဲ့ဒီစာအုပ်ထဲက အကြောင်းအရာလေးတွေတောင်အမှတ်ရမိတယ်။အပြန်ကျတော့ တစ်ခြင်းတစ်ထောင်လို့အော်ရောင်းနေတဲ့ ဆွဲခြင်းလေး တစ်လုံးဝယ် စာအုပ်တွေ ခြင်းထဲအပြည်ထည့်ပြီးသယ်ခဲ့တယ်။
ဒီနေ့တော့ အဖိုးတန် အကြောင်းအရာနဲ့စာအုပ်တွေကို ဈေးသိပ်မကြီးပဲရလိုက်လို့ တန်ဖိုးရှိတဲ့နေ့လေး တစ်နေ့ဖြစ်ပါတယ် :)



0 Comments