"ကိုင်းထိပ်ဖူးမှာ ပွင့်စဦးသစ်
ယခုလှစ်သည့် ရွှေရစ်ပန်းပြာ
ခပ်မာမာလေး……
လှမ်းမီပေမယ့် မောနေပါ့မယ်
ခူးမလွယ်ဘူး
မြေဝယ်လျောင်းစင်း မောင့်ခြေရင်းက သက်ဆင်းကြွေလွင့် ခရေပွင့်လေ………"တဲ့
ဆရာမ ကြည်အေးရဲ့ ကဗျာ အပိုင်းအစ လေးတစ်ခုပါ ……။
ကျွန်မသည် သက်ဆင်းကြွေလွင့် ခရေပွင့် လို အမြဲ မွှေးပျံ့ကာ မာနကင်းကင်း ဝပ်စင်း သည်းခံနေတတ်သူ မျိုးကို လေးစားမိပါသည်။သို့သော် တစ်ချိန်တည်းမှာပင်အလွယ်တကူ ကြွေမကျတတ်သော ပန်းကလေး တစ်ပွင့် အကြောင်းကို မူ အလေးအနက် တွေးနေမိသည်။
ပန်းတစ်ပွင့် ဖြစ်ခွင့်ရမည်ဆိုပါကသဇင်ကဲ့သို့တော်မဝင်လျှင် ပင် ရွှေရစ်ပန်းပြာ ခပ်မာမာ ပန်းကလေး တစ်ပွင့် ဘဝ ကိုတော့ ရ ချင်လှသည်။
အဖိုးသိပ်မတန်သည့်တိုင် တော်တန်ရုံမကြွေကျတတ်။ ခူး၍ လည်း မလွယ်။ ကိုယ့်မာနနှင့်ကိုယ် ကိုယ့်အလှနှင့်ကိုယ်။ကိုယ့် ကိုယ်ပိုင် အရည်အသွေးများနှင့် မည်သူ့အတွက်မျှ အလွယ်တကူ ကြွေမကျသည့် အလှ။ထို အလှ ထိုမာနနှင့်ပင် ပန်းကလေးက ကျက်သရေရှိလွန်းလှသည် ။
ထိုကဗျာ စာပိုဒ်ထဲတွင် မိမိဘဝ ကို မိမိ မာနနှင့် ကိုယ်ပိုင်စွမ်းအားနှင့် ရပ်တည်နေသော မိန်းကလေးတစ်ယောက်၏ ခွန်အားကို ခံစားမိသလိုရှိသည်။ ပန်းကလေးသည်မဆွတ်ခင်က ညွတ်နေသည် မဟုတ် မခြွေခင်က ကြွေလိုနေသည်မဟုတ် ကိုယ့်ရပ်တည်မှု ကိုယ့်အလှကို စိတ်ချလက်ချဖြင့် အားမာန်အပြည့် ရနေသည့်ပုံစံမျိုး……။
ကိုယ်တိုင် က ခပ်တုံးတုံးအအ ဖြစ်သော်လည်း ထိုသို့သော ပန်းကလေး ဘဝ ကို တော့ လွန်စွာ လေးစား အားကျမိပါသည်။
အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments