တနင်္ဂနွေ ဗဟုသုတ
**************
ငါးလိပ်ကျောက်
***********
ငါးခြောက်ဆိုင်တွေ မှာ ရှည်မျောမျော အချောင်းငါးခြောက် တွေကို ဈေးသည်တွေက "ငါးလိပ်ခြောက် " လို့ ပြောကာ ရောင်းကြပါတယ်။ အဲ့ဒီ ငါးခြောက်ရဲ့ အမည်ကို ကျွန်မ နားထဲတစ်မျိုး ဖြစ်နေမိတယ် ။ငါးလိပ်ကျောက် လား ငါးလိပ်ခြောက်လား မသဲမကွဲဖြစ်နေမိပါတယ်။စိတ်ကူးထဲလည်း အဲ့ဒီအကောင်ကြီးကို အမျိုးမျိုး ပုံဖော် နေမိပါတယ် ။ ငါးမန်းလိုကြီးများ ဖြစ်မလား ဒါမှမဟုတ် ရေဘဝဲလိုကြီးများလား ဆိုပြီးပေါ့။ သေချာတာကတော့ အဲ့ဒီငါးခြောက် က ထူးခြားတဲ့အရသာလေး ရှိတယ် ဆိုတာပါပဲ။လူကြီးသူမတွေ ပြောစကားအရ သူက ယားနာဖြစ်နေတဲ့သူတွေ စားလို့မရဘူးတဲ့ ။မတည့်ဘူးလို့ဆိုကြပါတယ်။စားလို့တော့ တော်တော် အရသာရှိပါတယ်။
တကယ်တော့ အဲ့ဒီအကောင်ကြီး တွေကို ငါးလိပ်ကျောက် လို့ ခေါ်တာမှန်း စာတွေဖတ်မိမှ သိလာရပါတယ်။ ငါးအုပ်စုမှာ ပါဝင်ပြီး ထူးဆန်းစွာ ခန္ဓာကိုယ်ပြားချပ်နေတဲ့ ငါးတစ်မျိုးလည်း ဖြစ်ပါတယ်။သူ့ပုံစံကပြားချပ်ချပ်ကြီးတွေ။ငါးနဲ့တောင် သိပ်မတူသလို။ ပြီးတော့ ရှည်လျားတဲ့အမြီးကြီး တစ်ခုလည်းပါရှိပါတယ်။ Google image မှာ Stingray လို့ရိုက်ထည့်ပြီး ရှာကြည့်ပါ။လှပတဲ့ငါးလိပ်ကျောက်ကြီးတွေ ကို အများကြီးတွေ့ရပါလိမ့်မယ်။သူ့အကြောင်းကို ကျွန်မ ဖတ်မိသမျှ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
ငါးလိပ်ကျောက်တွေဟာ လက်မ ၂၀ ကနေ လက်မ ၈၀ အထိ ကြီးထွားနိုင်ကြတယ်တဲ့။၆ ဒသမ ၅ ပေ လောက်အထိ ကြီးထွားနိုင်တယ်လို့ ဆိုပေမယ့် ပင်လယ်ရေနက်ပိုင်းမှာနေတဲ့ငါးလိပ်ကျောက်တွေဆိုရင် ပေ ၂၀ လောက်အထိ အရှည်ရှိနိုင်ပါသတဲ့။ အလေးချိန် ကီလိုဂရမ် ၇၅၀ (သို့) ပေါင် ၇၉၀ လောက်အထိ ကြီး တဲ့အကောင်ကြီးတွေလည်း ရှိပါတယ်။ သူတို့က အသားစားသတ္တဝါတွေ ဖြစ်ပြီး အခွံမာ ရေသတ္တဝါ သေးသေးလေးတွေ ခရုလေးတွေနဲ့ ငါးအသေးလေးတွေကို စားကြပါတယ်။ ငါးလိပ်ကျောက်တွေကိုတော့ ငါးမန်းကြီးတွေ ပင်လယ်ဖျံတွေက ပြန်ပြီး စားသောက်ကြပါတယ်။
ငါးလိပ်ကျောက်ရဲ့ ပါးစပ် နှာခေါင်းနဲ့ ပါးဟပ်တွေက သူ့ခန္ဓာကိုယ်အောက့် အရှေ့ဖက်မှာရှိပါတယ်။မျက်လုံးကတော့ ဦးခေါင်းအထက်မှာရှိပြီး သားကောင်တွေ ဖမ်းဆီးတဲ့အခါ မျက်စိ ကို မသုံးပါဘူးတဲ့။ လျှပ်စစ်ဓာတ် အာရုံခံအင်္ဂါတွေပါပြီး သားကောင်က ထုတ်လုပ်တဲ့လျှပ်စစ်ဓာတ်တွေကို အာရုံခံကာ ဖမ်းဆီးစားသောက်ပါတယ်။ သူ့မှာ အရိုးအမာတွေမရှိပဲ ကျံန်မတို့လူသားတွေရဲ့ နှာခေါင်းတို့ နားရွက်တို့မှာရှိတတ်တဲ့ အရိုးနုလေးတွေလို အရိုး လေးတွေနဲ့တစ်ကိုယ်လုံးကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အမြီးမှာ အဆူးတွေပါပြီး ဆူးနဲ့အရိုက်ခံရရင် အရမ်းနာကျင် စွာခံစားရနိုင်ပါတယ်။အမြီးမှာဆူးတွေအပြင် အဆိပ်ံလည်း ရှိတာကြောင့် အန္တရာယ်ရှိပါတယ်။ ငါးလိပ်ကျောက်မျိုးစိတ်အချို့ဆိုရငင်ကျောရိုးမှာလွှသွားလိုမျိုး ချွန်ထက်နေတဲ့ အထစ်တွေပါရှိပါတယ်။ဆူးတောင်တွေပေါ့။အ့ဒီဲံ့ဆူးတောင်ကလည်း အဆိပ် တစ်မျိုးဖြစ်ပြီး ဟိုးရှေးခေတ်တုန်းက ဂရိနိုင်ငံက သွားဆရာဝန်တွေဟာ အဲ့ဒီအဆိပ်ကို ထုံဆေး အဖြစ် အသုံးပြုခဲ့ကြပါသတဲ့။ငါးလိပ်ကျောက်တွေကတော့ အဲ့ဒီအဆိပ်ကိုသုံးပြီး ရန်သူ တွေရဲ့အန္တရာယ်ကို ကာကွယ်ကြပါတယ်။ ငါးလိပ်ကျောက် အသေကောင်က ထုတ်ယူရရှိတဲ့အဆိပ်ကတောင် လူကို သေစေနိုင်လောက်တဲ့အာနိသင် ကျန်နေသေးတယ်တဲ့။ အဆိပ်ပြင်းတာပေါ့။ဒါပေမယ့် လူတွေကို အန္တရာယ်မပြုတတ်ပဲ ရေငုပ်သမားတွေအနားကို မကြောက်မလန့်နဲ့ကူးခတ်လာတတ်ကြပါတယ်။
ငါးလိပ်ကျောက်တွေကို ကမ္ဘာတစ်လွှားမှာရှိတဲ့ အပူပိုင်းနဲ့သမပိုင်းဇုန် သမုဒ္ဒရာ တွေမှာ ရှာတွေ့နိုင်ပါတယ်။ သူတို့ဟာ ပူနွေးတဲ့ ရေတိမ်ပိုင်းကို နှစ်သက်တတ်ပေမယ့် အများအားဖြင့် ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွေမှာပဲ ကိုယ်ရောင်ဖျောက် ပုန်းအောင်းပြီး ကျက်စားတတ်ကြပါတယ်။ သမုဒ္ဒရာကြမ်းပြင်မှာ မလှုပ်မယှက်နဲ့ သဲထဲမှာ ကိုယ်ကို မြှုပ်နှံပြီး ရန်သူအန္တရာယ်ကို ကာကွယ်နိုင်ကြပါတယ်။
လေထဲမှာငှက်တွေ တောင်ပံခတ်ပြီးပျံသလို ခန္ဓာကိုယ်အနားစွန်းမှာရှိတဲ့အပိုင်းကို ရိုက်ခတ်ပြီး သွားလာတတ်ကြပါတယ်။ငါးလိပ်ကျောက်တွေကို ကာရစ်ဘီယံ ပင်လယ်နဲ့ သြစတေးလျ ကမ်းလွန်ပင်လယ်တို့မှာ အများဆုံး တွေ့နိုင်ပါတယ်။
ငါးလိပ် ကျောက်အမဟာ တစ်နှစ်ကို သားပေါက် ၅ ကောင်ကနေ ၁၅ ကောင်အထိ ပေါက်နိုင်ပါတယ်။ သားပေါက်ကလေးတွေက မွေးကတည်းက ခန္ဓာက်ုယ် အစိတ်အပိုင်းပြည့်ပြည့်စုံစုံနဲ့ပေါက်ပြီး မွေးဖွားပြီးပြီးချင်မှာ လွတ်လွတ်လပ်လပ် ကျင်လည်သွားလာနိုင်ကြပါတယ်။
ငါးလိပ်ကျောက်ဟာ မျိုးစိတ်ပေါင်း ၇၀ ကျော်ရှိပြီး အချို့မျိုးစိတ်တွေဟာ မျိုးတုန်းပျောက်ကွယ်လု နီးပါး အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်……တဲ့။
ဒီလိုနဲ့ တနင်္ဂနွေအားလပ်ရက်လေးမှာ ဈေးထဲက ငါးခြောက်ဆိုင်တွေမှာ ဖြန့်ခင်းရောင်းချထားတတ်တဲ့ ရှည်မျောမျော အရာတွေရဲ့အကြောင်း သိသင့်သလောက် သိလိုက်ရလို့ ကျေနပ်သွားမိပါတော့တယ်။
ဗဟုသုတတွေနဲ့ ပြည့်စုံတဲ့ အားလပ်ရက်လေး ဖြစ်ကြပါစေ……။
အမြဲခင်လျက်………
ဝတ်မှုံလေး

Ref; ပိုင်စိုးဟန်
ကာရစ်ဘီယန်ပင်လယ်ထဲမှငါးလိပ်ကျောက်မြို့တော်

Post a Comment

0 Comments