ဆေးသောက်ခြင်းနဲ့ဆေးထိုးခြင်း..
. .
ဆေးမသောက်ဖူးတဲ့သူ မရှိပါဘူး..။ဟုတ်ပါတယ်..။ဘယ်လောက်ပဲ ဒေါင်ဒေါင်မြည် ကျန်းမာနေသူ ဟုပင်ပြောပြော တစ်ကြိမ်တစ်ခါလောက်တော့ ဖျားကြတာပင်..။ ဖျားလျှင်ပျောက်ကင်းအောင်ဆေးသောက်ကြရသည်လေ.။ တစ်ချို့က ဆေးခန်းသွားကြသည်..။ဆရာဝန်က ဆေးတစ်လုံး လောက်ထိုးပေးသည်..။ပြီးလျှင် သောက်ဆေးတစ်ခုခုပေးလိုက်မည်..။လိုအပ်လျှင်နောက်တစ်ခေါက်ပြန်ချိန်းမည်.။ဤ နည်းဖြင့် နေမကောင်း ပျောက်သွားသည်များရှိသည်..။ တစ်ချို့ကတော့ ဆေးခန်း မသွားနေတော့ပဲ နီးစပ်ရာဆေးဆိုင်မှ ဆေးဝယ်သောက် လိုက်ကြသည်များလည်းရှိပါသည်..။
ဆေးသောက်သည်ဆိုခြင်းမှာ ဆေးကိုကျွန်မတို့ခန္ဓာကိုယ်ရှိ သွေးထဲသို့ရောက်အောင်ပို့ဆောင်ကာ ဆေးအာနိသင်ကိုရရှိစေခြင်းပင်ဖြစ်ပါသည်.။
ဆေးများသည်ကျွန်မတို့၏ သွေးလှည့်အဖွဲ့ အစည်းအတွင်းသို့ တိုက်ရိုက်သော်လည်းကောင်း တစ်ဆင့်ခံအားဖြင့်သော်လည်းကောင်းလမ်းကြောင်းအမျိုးမျိုးဖြင့် ရောက်လာနိုင်ပါသည်..။
.
ဆေးထိုးခြင်းဟူသည်မှာ ယျေဘုယျအားဖြင့် ဆေးကို သွေးထဲသို့ တိုက်ရိုက် ပို့ဆောင်လိုက်ခြင်းပင်ဖြစ်သည်..။ထို့ကြောင့် အာနိသင်မြန်မြန် ရကာ ဝေဒနာကို မြန်မြန်သက်သာစေပါသည်..။သွေးထဲတွင်သာ ဆေးအပြည့်အ၀ရှိသဖြင့် သွေးထဲရှိ ဆေးပမာဏ ကို တွက်ချက်ရလွယ်ကူစေသည်..။ထိုသို့ခန့်မှန်းတွက်ချက်နိုင်မှုကလည်း ကုသခြင်းကို အထောက်အကူပြုပါသည်..။သောက်ဆေးများကဲ့သို့ အစာအိမ်နှင့်အူလမ်းကြောင်းကို ဖြတ်သန်းခြင်းမရှိ၍ ဆေးအာနိသင်ကို သွေးထဲတွင် အပြည့်အ၀ရရှိနိုင်ပါသည်..။
.
သို့သော် သောက်ဆေးများကဲ့သို့ အလွယ်တကူသောက်၍ မရပါ..။နားလည်တတ်ကျွမ်းသော ပညာရှင်တစ်ဦးလိုအပ်သည်..။ထို့ပြင် ဆေးများသည်သွေးထဲသို့တိုက်ရိုက် ရောက်ရှိ သည်ဖြစ်၍ အာနိသင်မြန် သကဲ့သို့ အဆိပ်အတောက်ဖြစ်မှု နှုန်းလည်း မြန်လေသည်.။မတော်တဆ ဓာတ်မတည့်သည့်ဆေးမျိုးဖြစ်နေလျှင်..အန္တရာယ်ကြီးလှသည်..။ ထို့ကြောင့်ဆေးထိုးလျှင်..ဖြည်းဖြည်း ချင်းထိုးသွင်းကြတာဖြစ်သည်..။ ဓာတ်မတည့်မှုတစ်ခုခုဖြစ်လျှင်သိသာစေရန်ဖြစ်သည်..။
.
သောက်ဆေးများမှာကား မည်သူမဆို ရေတစ်ခွက် ရှိရုံဖြင့် ကိုယ်တိုင်သောက်နိုင်ကြသည်.။ထိုးဆေးများကဲ့သို့ဆရာဝန်မလိုအပ်ပေ။သို့သော် ဆေးသောက်လိုက်သောအခါ ဆေးထိုးသကဲ့သို့မဟုတ်ပဲဆေးကို အစာအိမ်နှင့်အူလမ်းကြောင်းမှတစ်ဆင့် သွေးထဲသို့စုပ်ယူသည် .။အချို့ဆေးများသည် အသည်းထဲတွင်လည်း ချေဖျက် ခြင်း ခံကြရသေးသည်..။ထို့ကြောင့်သောက်လိုက်သော ဆေးအာနိသင်ရရှိရန်အချိန်ကြာမြင့်သကဲ့သို့ ..သွေးထဲသို့တိုက်ရိုက်ထိုးသွင်းလိုက်သော ဆေး ကဲ့သို့ ဆေးအာနိသင်ကို အပြည့်အ၀ မရရှိနိုင်ပါ..။အစာလမ်းကြောင်းကို ဖြတ်ရမည်ဖြစ်၍ အစာနှင့် ဆေးတည့်မတည့်ကိုလည်း
ထည့်သွင်းစဉ်းစားရန်လိုသေးသည်.။ပဋိဇီဝဆေး များကို အစာနှင့်ခပ်ခွာခွာ သောက်သင့်၍ နွားနို့ စသော နို့ထွက်ပစ္စည်းများနှင့်မူလုံးဝတွဲဖက်မသောက်သုံးသင့်ချေ..။အာနိသင်လျော့ပါးသွားတတ်သည်
.
သို့သော် diclofenac ကဲ့သို့သော အကိုက်အခဲပျောက်ဆေးအပြင်းစားများကိုမူ အစာနှင့်လုံးဝတွဲဖက်သောက်သုံးသင့်သည်..။ အစာအိမ်ကိုထိခိုက်နိုင်၍ဖြစ်သည်..။
ကောင်းသောအချက်အနေဖြင့် ထိုးဆေးနှင့်နှိုင်းယှဉ်လျှင် ဈေးသက်သာပါသည်..။သွေးတွင်းသို့တိုက်ရိုက်မရောက်နိုင်သောကြောင့် ဆေးကြောင့်အဆိပ်အတောက်ဖြစ်နိုင်စွမ်းအန္တရာယ် နည်းပါးသွားပါသည်..။ ကိုယ်တိုင်သောက်သုံးနိုင်သောကြောင့်ဆေးခန်းတွင်ဆေးသွားထိုးရသလို ကရိကထ မများတော့ပါ..။
မည်သို့ပင်ဖြစ်စေ ဆေးများသည်နေမကောင်းဖြစ်တိုင်းကျွန်မတို့မေ့ထား၍ မရသောအရာများဖြစ်သည်မဟုတ်ပါလား..။
.
(lecture notes on pharmacology book vol 1 ,university of Pharmacy ,YGN ..၏ lecture တစ်ခုမှ concept တစ်ခုကို ကျွန်မနားလည်သလောက်ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်..။)
.
သူငယ်ချင်းတို့ကျန်းမာပျော်ရွှင်ကြပါစေ..
ဝတ်မှုံလေး

Post a Comment

0 Comments