အလှပြင်ချင်သောဝါသနာ





လူတိုင်း လူတိုင်းတွင် အထုံဝါသနာ တစ်ခု ပါတတ်ကြစမြဲပင်။ ထိုဝါသနာ အတွက် ဆိုလျှင် ပင်ပန်းသည်မထင်ကြ။ လုပ်ကိုင်နေရင်းနှင့်ဘဝ ကို နစ်မြုပ်ပျော်ရွှင်နိုင်ကြသည်။ကုန်ဆုံး သွားမှန်းမသိအောင်ပင် အချိန်ကို ရက်ရက်ရောရော သုံးဖြုန်းပစ်တတ်ကြသည်။ထိုအလုပ်အကိုင်ထဲမှာပဲ ပျော်ရွှင်ရင်း မြှုပ်နှံရင်း ဘဝ အမောတွေကို ဖြေဖျောက် နိုင်ကြသည်။ကိုယ်ဝါသနာပါရာ နှင့် ကိုယ့်အလုပ်အကိုင် တစ်ထပ်တည်းကျသည့် အခါ အလုပ်တွင် ဖိအားမရှိပဲ ပျော်ပျော်ရွှင် ရွှင် လုပ်ကိုင် နိုင် မည်ဟု ယုံကြည်မိသည်။ တစ်ချို့သည် ကိုယ့်အသက်မွေးဝမ်းကျောင်း အနေဖြင့် ထို အလုပ်မလုပ် သည့်တိုင် စိတ်အပန်းပြေလိုသည့် သဘောဖြင့် မိမိဝါသနာပါရာ…လုပ် ကို အားလပ်ချိန်တွင်နှစ်မြုပ် လုပ်ကိုင်တတ်ကြသည်။ထိုသို့သောသူမျိုးတွင် ကျွန်မလည်းအပါအဝင်ဖြစ်သည်။……
ကျွန်မအသက်မွေးဝမ်းကျောင်း အလုပ်၏တည်နေရာမှာ ဆေးရုံ ဖြစ်သော်လည်း
ကျွန်မ၏ ဝါသနာ၏တည်နေရာကတော့ ကျွန်မနှလုံးသားထဲမှာဖြစ်သည်။
ကျွန်မ အားလပ်ချိန်များတွင်နှလုံးသား ကို နေရာလုပ် ကျွန်မ ဝါသနာဖြင့် တကုပ်ကုပ်ရှုပ်နေတတ်ပါသည်။ ကျွန်မ အသက်မွေးဝမ်းကျောင်း အလုပ်ကိုလည်း ကျွန်မ သိပ်ချစ်ပါသည်။ သို့သော် ထိုအချစ်က ကိုယ့် အလုပ်ကို မြတ်နိုးမက်မောသော ရိုသေလေးစားသော စိတ် ဖြင့် ဖြစ်သည်။ ဟိုး ငယ်ငယ်ကတည်းက ကျွန်မ ဝါသနာ ပါသည်မှာ " အလှပြင်ခြင်း "…သာ ဖြစ်လေသည်။
သို့သော် ကျွန်မ လိုအပ်သည့်  အလှပြင်ပစ္စည်းများမှာ မိတ်ကပ် နှုတ်ခမ်းနီ ပါးနီ စသည့်လှတပတမိန်းကလေး အသုံးအဆောင်ပစ္စည်းများ မဟုတ်သကဲ့သို့ ကျွန်မ အလှပြင်လို သည်မှာလည်း ဖြူညက်လှပသော ကောင်မလေး တစ်ယောက်၏ ပါးပြင် နုနုလေး မဟုတ်ပါ။
စိတ်ကူး …အတွေး …ခံစားချက် ဟူသော ကိရိယာများကို သုံး၍ စာများ နှင့်ကဗျာ ကို အလှပဆုံးဖြစ်အောင် ပြင်ဆင်ရေးသားခြင်း သာဖြစ်ပါသည်။
စာရေးခြင်း သည် အလှပြင်ခြင်းနှင့်တူတူပဲ ဟု ထင်မိသည်။သာမန် ကောင်မလေး တစ်ယောက်ရဲ့ ပါးကလေးပေါ်မိတ်ကပ်လေးတင်လို့ ပိုလှသွားသလို သာမန် အကြောင်း အရာလေး တစ်ခုအပေါ် ခံစားချက်လေးတင်လိုက်တော့ ပိုလှသွားသည် …။ မိတ်ကပ်တွေတစ်ဆင့်ပြီးတစ်ဆင့်လိမ်းမည် …။ မျက်ခုံးမွေး…အိုင်းလိုင်နာ နှုတ်ခမ်းနီ…ပါးနီ…သူ့နေရာနှင့်သူ အဆင်ပြေပြေ ထည့် ပေးလိုက်တဲ့အခါ …သာမန်ကောင်မလေး ကနေ နတ်မိမယ်လေး အလား ဖြစ်သွားနိုင်သလို……
အလင်္ကာ… ရသ …ခံစားချက် …အယူအဆ သူ့နေရာ နှင့်သူ အဆင်ပြေပြေထည့်ပေးလိုက်တဲ့အခါ…သာမန်အကြောင်း အရာ လေးတစ်ခုသည်ပင် စာရေးသူ၏လက်တွင် တလက်လက် တောက်ပလာနိုင်သည်မဟုတ်လား…။အချက်အလက် သိပ်မရှိသော ဖြစ်စဉ်လေးတစ်ခုကို အဖိုးမဖြတ်နိုင်သော အကြောင်း အရာ အဖြစ်ဖန်တီးနိုင်စွမ်းသောစာရေး ဆရာကြီးများကို ကျွန်မ အံ့သြမိသလို အားလည်းကျမိပါသည်…။
စာရေးသူ တစ်ယောက် ကပြောတာဖတ်ဖူးသည် ။" စာရေးတယ်ဆိုတာ အရမ်းကို ထူပြီး ဆူးတွေများတဲ့သားမွေးဝတ်ရုံကြီးကို ဝတ်ထားရသလိုပါပဲ…ဆူးလည်းဆူး နာလည်းနာတယ်…ဒါပေမယ့် ဒါကို သိပ်နှစ်သက်တုန်းပဲ.…" တဲ့။ ဟုတ်တော့ဟုတ်သည်။စဉ်းစားရလို့ မောသည်။ခံစားရတာတွေကို အလှပဆုံးဖော်ပြဖို့ အတွက် စာလုံးတွေကို နှလုံးသားနှင့်တစ်ထပ်တည်း ပုံတူပွားပေးစေချင်၍ ပင်ပန်းသည်။ မိမိစာကိုသူတစ်ပါးဖတ်သည့်အခါ ထိုသူ့ စိတ် နှလုံးတွင်မကောင်းသော အဆိပ်အတောက်အတွေးအခေါ်များ မစွဲသွားစေရန် ချင့်ချိန်ရေးသားရ၍ တာဝန်ကြီးသည်။ မိမိအကြိုက် မိမိ အယူအဆ တစ်ဖက်သတ် အတွေးအခေါ်များ မိမိ အကြောင်းကြွားဝါမှုများ မပါဝင်စေရန် ဂရုပြု ရခြင်းကြောင့် နွမ်းလျသည်။ထိုထက်ပို၍ အကောင်းဆုံး ရသ မှုကို ပေးစွမ်းနိုင်ဖို့ စိတ်နှစ်ရသည်။ ထိုအခက်အခဲများကို ကျော်လွန်၍ စာလုံးများကို အလှဆုံးဖြစ်အောင်ဖန်တီးကာ လောကကောင်းကျိုးပြုနေသူများ… ကို ကျွန်မ အလွန်လေးစားမိသည်။
ဤသို့ဖြင့် အားလပ်ချိန်များတွင် ကျွန်မနှလုံးသားရှိ ဝါသနာလေး၌ ခိုနားကာ စကားလုံးလေးများကို ကျွန်မ တတ်စွမ်းသလောက် အလှဆုံးဖြစ်အောင် ပြုပြင်ရင်း…တစ်နေ့နေ့တစ်ချိန်ချိန်တွင် အတိုင်းအတာ တစ်ခုအထိ လောကကောင်းကျိုးဆောင်ရွက်နိုင်သော စာလုံးလေးများ၏ ပြောင်မြောက်သော အလှဖန်တီးရှင် တစ်ဦးဖြစ်လာစေရန် မျှော်လင့်မိပါတော့သည်…။
ဝတ်မှုံလေး

Post a Comment

0 Comments