ဗီတာမင် စီ
**********
ဝတ်မှုံလေး
ဗီတာမင်စီခေါ် အက်စကိုးဘစ်အက်စစ်ဟာရေမှာပျော်ဝင်တဲ့ဗီတာမင်တစ်မျိုးဖြစ်ပါတယ်။
ဗီတာမင်စီဟာအန္တရာယ်အကင်းဆုံးနဲ့စိတ်အချရဆုံးအာဟာရတစ်ခုဖြစ်တယ်လို့ကျွမ်းကျင်သူများကဆိုပါတယ်။ဗီတာမင်စီဟာခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားစနစ်ကိုကာကွယ်ပေးပါတယ်။ရိုးရိုးသာမန်အအေးမိခြင်းကို မပျောက်ကင်းစေသည့်တိုင်ပိုပိုဆိုးဝါးမှုမမဖြစ်လာအောင်တားဆီးပေးနိုင်ပါတယ်။ဒါ့အပြင် နှလုံးရောဂါ ၊ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာအချို့နဲ့မျက်လုံးနဲ့ပတ်သက်တဲ့ဝေဒနာတွေအပြင် မျက်နှာပေါ်ကအရေးအကြောင်းတွေကိုပါပျောက်ကင်းစေနိုင်ပါတယ်။the University of Michigan. မှသုတေသနပညာရှင် Mark Moyad နှင့်သူ၏လုပ်ဖော်ကိုင်ဖက်အချို့ရဲ့လေ့လာမှုတွေအရလူတစ်ဦးဟာတစ်နေ့ကို vitamin C ၅၀၀ မီလီဂရမ်ရရှိသင့်တယ်လို့ဆိုပါတယ်။
ဗီတာမင်စီပါဝင်နှုန်းများမှာ..
ဖရဲသီး(သို့) သခွားမသီးဖျော်ရည်တစ်ခွက်(၈အောင်စခန့်) - ၅၉ မီလီဂရမ်
လိမ္မော်ရည်တစ်ခွက် - ၉၇ မီလီဂရမ်
ပန်းဂေါ်ဖီစိမ်း (ချက်ပြုတ်ပြီးသား) တစ်ပန်းကန် - ၇၄ မီလီဂရမ်
ငရုတ်သီးစိမ်း (ပန်းကန်ဝက်ခန့်) - ၄၀ မီလီဂရမ်
ငရုတ်သီးအမှည့် (အနီရောင်ငရုတ်သီး) (ပန်းကန်ဝက်ခန့်) - ၉၀မီလီဂရမ်
ကီဝီသီး (အရွယ်တော်တစ်လုံး) - ၇၀ မီလီဂရမ်
ခရမ်းချဉ်သီးဖျော်ရည် တစ်ခွက် - ၄၅ မီလီဂရမ် … နှင့်အခြား ပန်းငရုတ်ပွ ၊စတော်ဘယ်ရီ ၊လိမ္မော်သီး ၊သံပုရာသီး ၊သင်္ဘောသီး၊ကိုက်လန်၊မုန်ညင်းစိမ်း၊နာနတ်သီး ...စသည်တို့ဖြစ်ကြပါတယ်။
ဗီတာမင်စီဟာခုခံစွမ်းအားကိုကောင်းမွန်စေရုံသာမကcollagenလို့ခေါ်တဲ့တွယ်ဆက်တစ်ရှူးတွေမှာပါဝင်တဲ့ပရိုတင်းရရှိစေဖို့အတွက်လည်းလိုအပ်ပါတယ်။ဗီတာမင်စီလုံလောက်စွာရရှိခြင်းဟာသင့်ခန္ဓာကိုယ်ကို ရောဂါတွေမှကင်းဝေးစေပါလိမ့်မယ်။သင့်သွားများနဲ့အရိုးများရဲ့ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါလိမ့်မယ်။အနာကျက်နှုန်းလည်းမြန်ဆန်လာပါလိမ့်မယ်။
ခုခံစွမ်းအားရဲ့လုပ်ငန်းဆောင်တာတွေနဲ့အတူဗီတာမင်စီဟာ ဗိုင်းရပ်စ်တွေ ၊ဘက်တီးရီးယားတွေ ရောဂါတွေကိုတိုက်ထုတ်တဲ့နေရာမှာ antihistamine အဖြစ်လည်းဆောင်ရွက်ပေးပါတယ်။အဲ့ဒီလိုပြုလုပ်ပေးခြင်းအားဖြင့်အအေးမိခြင်းကိုမပျောက်ကင်းနိုင်သည့်တိုင်အအေးမိခြင်းကြောင်ဖြစ်ပေါ်နိုင်တဲ့ကိုယ်လက်ကိုက်ခဲခြင်း၊နှာရည်ယိုနှာပိတ်ခြင်းစသည်တို့ကိုသက်သာစေနိုင်ပါတယ်။
ဗီတာမင်စီဟာအားကောင်းပြီးထိရောက်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။သူဟာစိတ်ဖိစီးမှုတွေကိုဖြစ်ပေါ်စေတဲ့ ဖရီးရယ်ဒီကယ် (Free radicals) တွေကိုခန္ဓာကိုယ်မှမထုတ်အောင်ကာကွယ်ပေးထားပါတယ်.။ဖရီးရယ်ဒီကယ်ကြောင့်ဖြစ်တဲ့စိတ်ဖိစီးမှုဟာလည်းနှလုံးရောဂါနဲ့လေဖြတ်ခြင်းစတဲ့ရောဂါ တော်တော်များများရဲ့တရားခံဖြစ်နေတတ်ပါတယ်။ဗီတာမင်စီဟာဖရီးရယ်ဒီကယ်လ်တွေကိုဆန့်ကျင်ပေးတဲ့အပြင်အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တဲ့ဗီတာမင် E ရဲ့လုပ်ငန်းဆောင်တာကိုလည်းပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်ပါသေးတယ်။
ဒါ့အပြင်ဗီတာမင်စီဟာသွေးဖိအားကိုကျစေတဲ့အတွက်သွေးတိုးရောဂါဖြစ်နိုင်ခြေကိုနည်းပါးစေပါတယ်။ဒါကြောင့်သွေးကြောများကိုကျယ်စေတဲ့အတွက် သွေးကြောကျဉ်းခြင်း ၊ကိုလက်စထရောများခြင်း နဲ့angina pectoris လို့ခေါ်တဲ့ နှလုံးမှသွေးလုံလောက်စွာမရသဖြင့် ရင်ဘတ်အပြင်းအထန်အောင်တဲ့ရောဂါ စတဲ့ရောဂါ တွေကိုလည်းကာကွယ်နိုင်စွမ်းရှိပါတယ်။
ဗီတာမင်စီဟာသွေးထဲမှာရှိတဲ့ခဲဓါတ်ကိုလည်းလျှော့ချနိုင်ပါသတဲ့၊ဒါဟာမြို့ပြနေကလေးငယ်တော်တော်များများအတွက်အရေးကြီးပါတယ်။လေ့လာမှုတွေအရခဲဆိပ်သင့်မှုဟာ ကလေးငယ်တွေရဲ့သင်ယူလေ့လာနိုင်စွမ်း ကိုလျော့ကျစေပြီးဥာဏ်အရည်အသွေးကိုနိမ့်ကျစေပါတယ်။အရွယ်ရောက်ပြီးသူတွေမှာတော့ခဲဓါတ်ဟာကျောက်ကပ်ကိုထိခိုက်စေပြီး သွေးဖိအားကိုများစေတယ်လို့ဆိုပါတယ်။
မျက်လုံးမှာရှိတဲ့ မျက်တွင်းမှန် (lens) တွေကောင်းကောင်းအလုပ်လုပ်နိုင်ဖို့လည်းဗီတာမင်စီလိုအပ်ပါတယ်။ဗီတာမင်စီကောင်းစွာမလုံလောက်ဘူးဆိုရင်တော့ မျက်တွင်းမှန်တွေဟာမှုန်မွှားလာပြီးအမြင်ေ၀၀ါးလာကာ အတွင်းတိမ်ဖြစ်စေတတ်ပါတယ်။ဗီတာမင်စီဟာ မျက်လုံးအတွင်းသွေးလှည့်ပတ်မှုကိုကောင်းမွန်စေတဲ့အတွက်အတွင်းတိမ်ဖြစ်မှုကိုလည်းကာကွယ်ပေးပါတယ်။
ဗီတာမင်စီကြောင့်ဖြစ်တဲ့ဘေးထွက်ဆိုးကျိုးတွေကရှားပါးပါတယ်။ဘာလို့လဲဆိုတော့ခန္ဓာကိုယ်ကဗီတာမင်တွေကိုကြာရှည်မသိုလှောင်ထားနိုင်လို့ဖြစ်ပါတယ်။ဒါပေမယ့်ဗီတာမင်စီကို တစ်နေ့ကို၂၀၀၀ မီလီဂရမ်ထက်ပိုသောက်သုံးမယ်ဆိုရင်တော့အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ ၀မ်းသွားခြင်းတွေဖြစ်နိုင်ပါတယ်။
ဗီတာမင်တစ်ခုချင်းစီကိုဘယ်လောက်လိုအပ်တယ်ဆိုတာသင့်ရဲ့အသက်အရွယ်၊ကိုယ်ဝန်ရှိမရှိ၊ဖျားနာမှုရှိမရှိစတာတွေနဲ့ဆက်နွယ်နေပါတယ်။နေ့စဉ်လိုအပ်တဲ့မရှိမဖြစ်ဗီတာမင်တွေထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ဗီတာမင်စီကိုအလုံအလောက်အလောက်ရဖို့အကောင်းဆုံးနည်းလမ်းကတော့ဗီတာမင်စီပါဝင်တဲ့အစားအစာတွေကိုမျှမျှတတစားသုံးပေးဖို့ပဲဖြစ်ပါတယ်။
တစ်ရက်အတွက်သတ်မှတ်ထားတဲ့ဗီတာမင်စီလိုအပ်ချက်များမှာ-
ကလေးငယ်များအတွက်
မွေးကင်းစမှခြောက်လအထိ - ၄၀မီလီဂရမ်
၇လမှ ၁၂လထိ - ၅၀မီလီဂရမ်
၁နှစ်မှ ၃နှစ်ထိ - ၁၅မီလီဂရမ်
၎နှစ်မှ၈နှစ် - ၂၅မီလီဂရမ်
၉နှစ်မှ၁၃နှစ် - ၄၅မီလီဂရမ်
အမျိုးသားများအတွက်
၁၄ နှစ်မှ ၁၈ နှစ်အထိ - ၇၅ မီလီဂရမ်
၁၉နှစ်နှင့်အထက် - ၉၀မီလီဂရမ်
အမျိုးသမီးများအတွက်
၁၄နှစ်မှ၁၈နှစ်အထိ - ၆၅မီလီဂရမ်
၁၉နှစ်နှင့်အထက် - ၇၅မီလီဂရမ် တို့ဖြစ်ကြပါတယ်။
ဆေးလိပ်သောက်သူတွေ ၊ဆေးလိပ်ငွေ့ကိုရှူရှိုက်နေရသူတွေမှာတော့ ဗီတာမင်စီ ဟာနေ့စဉ်လိုအပ်တဲ့ပမာဏထက် ၃၅မီလီဂရမ်ပိုမိုလိုအပ်ပါတယ်။
နေ့စဉ်လိုအပ်တဲ့ဗီတာမင်စီပမာဏကိုစားသုံးပေးခြင်းဖြင့်သင်၏ကိုယ်ခံစွမ်းအားနှင့်ကျန်းမာရေးကိုမြှင့်တင်ကြပါစို့။
ဝတ်မှုံလေး
www.wuthmonelay.blogspot.com
မှတ်ချက် - ပုံရှာ မ တွေ့ တာနဲ့ structure ဆွဲလိုက်သည် :D
Ref;
http://www.webmd.com/diet/features/the-benefits-of-vitamin-c
http://www.healthdiaries.com/…/7-health-benefits-of-vitamin…
http://health.nytimes.com/…/nutriti…/vitamin-c/overview.htm

0 Comments