Atoms တွေကို ချစ်တတ်တဲ့အတွက်
ဆုလာဘ်တစ်ခုပေါ့ ……။

factors တွေ remainder တွေကို စိတ်ဝင်စားခြင်းက
အရသာကောင်းမွန်တဲ့ဟင်းလျာတွေ ကို ဖန်တီးပေးခဲ့ ……။

Dalton's law က တကယ်မှန်ခဲ့တယ်
တူညီတဲ့ကံတရားမှာ
စေတနာနဲ့ ရယူလိုစိတ်ဟာ
တစ်ခုနဲ့တစ်ခုဓာတ်မပြုမချင်း အသီးအပွင့်တွေပေးခဲ့တယ်……

အဲ့ဒီလိုနဲ့
ကိုယသိပ်ချစ်ရတဲ့စာလုံးတွေက ကိုယ့်ကို ပြန်လုပ်ကျွေး……
နွေးထွေးတဲ့ စေတနာ မှ
အသွင်ပြောင်းထားတဲ့
ချိုင့်ကြီး ချိုင့်ငယ်လေးတွေ
ကိုယ့် စားပွဲပေါ်ရောက်……
ချက်ပြုတ်တဲ့ အိုးတွေ အကုန်မှောက်သိမ်းခဲ့ရပေါ့ ……။

ဒီလိုနဲ့ပဲ
မပြန်ဖြစ်တဲ့
မွေးရပ်မြေကလေးမှာ ကိုယ့်ခြေရာတွေပျောက်ရှခဲ့ ………။

'လှူရန်' စာတန်းထိုးထားတဲ့ ပုံးသေးလေးမှာ
လခ နှစ်ခုပေါင်းရဲ့ အကြွေကလေးတွေ အရောက်များခဲ့……။

အားကိုး တကြီးကြည့်တတ်တဲ့
မျက်ဝန်းလေးတွေ အတွက်
ကိုယ့် မျှော်လင့် ချက်တွေ တောက်ပ ခဲ့ ……။

၃၆၀ ဒီဂရီပေါင်းများစွာလည်မှ ရွေ့တဲ့
နှစ်ဘီးတပ်ယာဉ်ကလေးကြောင့်
လူရှင်းတဲ့ နံနက်ဝေလီဝေလင်းရဲ့
မောဟိုက်ပင်ပန်းမှုကို ကြည်နူးခြင်းနဲ့ ရောပြွမ်း အရသာခံတတ်လာခဲ့ ……။

ဂရုစိုက်မြတ်နိုးတတ်တဲ့ နှလုံးသားတစ်ခုကို
ကျေးဇူးတင်ခြင်း အထိမ်းအမှတ်အဖြစ်
ဆူညံညံ အသံတွေကို လျစ်လျူရှုရင်း
စိတ်ညစ်မှုပေါင်းများစွာက
အပြုံးတစ်ခုကြောင့် ဖုံးလွှမ်းခဲ့ ………။

ကဲ ……

ဖြစ်တည်နေတဲ့ဘဝကို တည် ……
ပျော်ရွှင်ခြင်းနဲ့စားလို့
စိတ်ညစ်စရာ ကြွင်းမယ် ဆိုပါစို့

တကယ်ပါ ……

ကိုယ့် အတွက်အကြွင်းက သုည ………
(စာလုံးတွေကို ချစ်တတ်ခြင်းကြောင့်)
ပျော်ရွှင်စရာ အမြဲရခဲ့တယ်………။

ဝတ်မှုံလေး၏ စာအိမ်ငယ်

title- ပေါက်ကရစာစုများ

Post a Comment

0 Comments