ဗြိတိသျှပါလီမန်၌ အက်ဒ်မန် ဘာ့က် (Edmund Burke) ဖောက်စ်(Fox) ရှရီဒင်တည်းဟူသော စကားပြောအလွန်ကောင်းလှသည့်အမတ် သုံးယောက်တို့သည် တစ်ခေတ်တည်းစင်ပြိုင်ပေါ်ထွန်းခဲ့ကြ၏ ။ထိုအချိန်တွင် ဥရောပတိုက် ပြင်သစ်ပြည်၌ တော်လှန်ရေးကြီး (France Revolution )ဖြစ်ပေါ်ခဲ့ရာ ဤပြဿနာနှင့်ပတ်သက်၍ အက်ဒမန်ဘာ့က်သည် ဗြိတိသျှ ပါလီမန်တွင် အတိုက်အခံဘက်မှစကားပြော၏ ။ သန်းခေါင်ကျော်သော်လည်း ပြောတုန်း နှစ်နာရီ သုံးနာရီ ထိုးတော့လည်း မဆုံးသေး မိုးလင်းတော့လည်းပြောတုန်း။ နံနက်ကော်ဖီသောက်ချိန်တန်လတ်သော်ဘာ့က်က မိမိ၏ စကားမဆုံးသေးသဖြင့်ခေတ္တနားပြီး ကာဖီသောက်ကြဖို့ပြောလေရာ ပရိတ်သတ်က ဘယ်သို့ပြုသည်ထင်ကြသနည်း။ 'မောင်မင်းကြီးသား အနားပေးပေလို့တော်ပါသေးဗျာ' ဟုဆိုကာ လက်ဖက် ရည်ခန်းသို့ထသွားကြသည်ထင်ကြသလော။မဟုတ်ပါ။အမတ်များသည်(အတိုက်အခံရော အစိုးရဘက်ပါ) အလွန်စိတ်ဝင်စားလျက်ရှိကြသည်ဖြစ်၍ လက်ဖက်ရည်သောက်လိုက်လျှင် အာရုံပြတ်သွားလိမ့်မည် ဟု ဆိုကာ လက်ဖက်ရည်သောက်ဖို့ မထကြဘဲ (Go on! Go on!) 'ပြောသာပြောပါ ပြောသာပြောပါ' ဟုဟစ်အော်ကြသည်နှင့် အနားမယူဘဲဆက်လက်၍ ပြောရလေသည်။တစ်ဖန် နံနက်စာစားချိန်တွင်လည်း ထို့နည်းတူ ဘာ့က်က အနားပေးသော်လည်း ပရိတ်သတ်က မထဘဲ (ဂိုးအောန် ဂိုးအောန်) ဟု ခုံများကိုထုကာ အော်နေကြပြန်သဖြင့် ဘာ့က်က ဆက်လက်၍ ပြောရပြန်လေသည်။

…………
ဘာ့က်၏ မိန့်ခွန်းသည် အလျားရှည်ခြင်း သက်သက်ဖြစ်သည်ဟု မထင်ကြပါနှင့်ဦး။တော်လှန်ရေး ပြဿနာနှင့်ပတ်သက်၍ အလွန်တရာ လေးနက်လှသဖြင့် မှတ်သားစဉ်းစားဖွယ်ကောင်းလှသည့် အနက်အဓိပ္ပါယ်များ အပြည့်အနှက် ပါရှိသည် ဖြစ်သောကြောင့် စာအုပ်များ ရောင်းချရိုက်နှက်ရသေးပေရာ ကျွန်ုပ်တို့ငယ်စဉ်က ဘီအေ အတန်းတွင် ကျောင်းသုံးအဖြစ်နှင့် သင်ကြရသည်ဟု အမှတ်ပြုမိပါသည်။ဘာ့က်သည် ဆယ်နာရီမက ပြောရသည့် ၎င်းမိန့်ခွန်းကို အိမ်မှ ရေးယူခဲ့ပြီး ဖတ်ပြခဲ့ခြင်းမဟုတ်။ မှတ်စု (Notes) ကလေးများလောက်သာ ရေးခဲ့၍ တစ်ချက်တစ်ချက်တွင်သတိပေါ်စေရန် လှမ်းကြည့်ရုံလောက်သာရှိလေသည်။

ရွှေဥဒေါင်း
တစ်သက်တာမှတ်တမ်းနှင့် အတွေး အခေါ်များ
စာ ၄၈၆
စာ ၄၈၇

Post a Comment

0 Comments