မနေ့က သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်။ကျွန်မတို့ဘာသာမှာ အလွန်ထူးခြားသောအဘိဓမ္မာ အခါတော်နေ့ဖြစ်ပါသည်။
မနေ့က ကျွန်မကို လူငယ်အချို့နှင့် ညီမများ တူမများ ကန်တော့ကြသည်။ကန်တော့ခံပုဂ္ဂိုလ် ဖြစ်လာရပြီမို့ ဆုပေးတတ်ဖို့လည်းလိုပြီ။ဗုဒ္ဓတရားတော်အရ သဘာဝကျကျပြောရလျှင် ဘာဖြစ်ပါစေ ညာဖြစ်ပါစေဟူသည့် တောင်းဆု ပေးဆုမည်သည် လူတစ်ယောက်က အခြားလူတစ်ယောက်သို့ပေး၍ မရပါ။သို့သော် ကျွန်မတို့လောကီထုံးတမ်းမှာတော့ ဆုတောင်းကြသည်။ဆုပေးကြပါသည်။ဆုတောင်းတွေဆုပေးတွေကလည်း အမျိုးမျိုးပါပဲ ။သိင်္ဃသူ့သမီးကျောက်စာကို ဖတ်ရဖူးတော့ အလွန်ပြောင်မြောက်သည့် မှတ်သားဖွယ် ဆုတောင်းစာတစ်ကြောင်းကို ကျွန်မမှတ်မိတယ် ။
'အချင်းချင်း အမျက်အအီတစ်စေ့မရှိ ချစ်သောမျက်စိ ဖြင့် ရှုကြရစေ၏ ' တဲ့ ။

မေတ္တာထားပါ ။စိတ်ဝမ်းမကွဲကြပါနဲ့။ ထိုဆုတောင်းသည် နှစ်ဦးနှစ်ဖက်ငြိမ်းချမ်းရေးကို ဦးတည်ပေးခဲ့ခြင်းမဟုတ်လား။ ထိုကဲ့သို့အမျက်အအီ မရှိဖို့ဆိုလျှင် တစ်ယောက်ကတစ်ယောက်ကို တရားမျှတစွာ ဆက်ဆံဖို့ ပြုမူအားထုတ်ဖို့လည်း လိုဦးမှာပေါ့။
ကျွန်မက ဆုပေးသည့်စကားကို ဖေဖေ့ဆီက ခဏခဏ ကြားနာနေကျဖြစ်သည်မို့ အလွတ်ရနေပြီ။ အသက်ရှည်ခြင်း အဆင်းလှခြင်း ခွန်အားကြီးခြင်း ဥာဏ်ပညာကြီးခြင်း စည်းစိမ်ဥစ္စာ ရတနာများ ကြွယ်ဝခြင်း အစရှိသောကောင်းကျိုးချမ်းသာ မင်္ဂလာတို့ဖြင့် ပြည့်စုံသည်ဖြစ်၍ တရားထူးတရားမြတ်ကို ကျင့်ကြံအားထုတ်နိုင်သော သားကောင်းရတနာ သမီးကောင်းရတနာ များဖြစ်ပါစေဟု ဖေဖေက ဆုပေးတတ်သည်။ ကျွန်မကတော့ ခေတ်လူငယ်တွေကို တရားထူး တရားမြတ်ကိုဖြုတ်လိုက်ပြီး နောက်ထပ်စာကြောင်းနှစ်ခု အစားထိုးလိုက်ပါသည်။မိဘနှစိပါးကို လုပ်ကျွေးပြုစု ကျေးဇူးဆပ်နိုင်သူများဖြစ်ပါစေ။နိုင်ငံကိုကောင်းကျိုးပြုနိုင်သော သားကောင်းရတနာ သမီးကောင်းရတနာများဖြစ်ကြပါစေဟု ဆုပေးပါသည်။ခပ်တိုတိုဆုပေးကြရလျှင်တော့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ကျွန်မတို့ဆုပေးလေ့ရှိကြသည်။ လူတစ်ယောက်အတွက် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာဖို့ အလွန် အရေးကြီးသည် မဟုတ်လား ။
ဂျူး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ……ဆောင်းပါးမှ

Post a Comment

0 Comments