ရှင်သန်ခြင်း
*******
သူမဟာ…
မေတ္တာ ငတ်မွတ်နေတဲ့
လိပ်ပြာလေးတွေရဲ့ချစ်သူပေါ့..
သူမရနံ့လေးတွေကို သူတို့ ယူတယ်……။
ချိုမြိန်စွာ ဆွတ်ယူစားသုံး
သူမကို အသက်သခင်လို
ပြုံး ……ပြုံးပြ ……ကြတယ် ………။
စူးရှရှ ဓားတစ်လက်လို …
မထက်မြက်ဘူး……
တောက်လက်လက် စိန်တစ်ပွင့်လို
မလန်းစွင့်ဘူး ……
နုရွရွ နှင်းဆီတစ်ပွင့်လို
ဒဏ္ဍာရီ မဆန်ဘူး ……။
ဖြူလွလွ အဇ္ဈတ္တ တစ်ခုထဲက
ကြည်လင်တဲ့စေတနာ တစ်ခု ……
အေးချမ်းတဲ့ ရည်မှန်းချက်တစ်ခုနဲ့အတူ ……
ချမ်းမြေ့သာယာတဲ့ ဘဝလမ်းကိုမျှော်လင့်ရင်း
သူမ အနာဂတ်ရဲ့ အခင်းအကျင်းဟာ
လျှပ်ပန်းလျှပ်နွယ်တွေမပါဝင်ပါပဲ ……
ချစ်ခြင်းမေတ္တာ တွေကြောင့်
လျှမ်းလျှမ်းတောက်ခဲ့……။
သူမ ကံကောင်းခြင်းဟာ
အခြား တစ်ယောက် အတွက်
ကံဆိုးခြင်း……
"ဟင့်အင်း" လို့
ချစ်စဖွယ်……
သူမငြင်းလိမ့်မယ်……။
သူမ တောက်ပ မှုဟာ
အခြားသူ အတွက် သိမ်ငယ်စရာ…
"မလိုချင်ပါ " လို့ မသိစိတ်က
တိတ်တိတ်လေး
ဖွင့်ဆိုရှင်းပြတတ် ရှာလိမ့်မယ်
သူမမျက်ဝန်းမှတစ်ဆင့် နာကြားနိုင်ရဲ့…။
တစ်ခါတစ်ရံတော့
သူမဟာ…
ကြယ်တွေကို ခိုစီး
စကြာဝဠာ အဆုံးအထိ ခရီးဆန့်……
အဖြေမရှိတဲ့ မေးခွန်း တစ်ခုကို
မြတ်နိုးဖွယ်အမူအရာနဲ့
ထပ်တလဲလဲ တွက်နေတတ်တယ်……။
တစ်ခါတစ်လေတော့
သမရိုးကျပြုံးတဲ့ သူမအပြုံးမှာ
ကျွန်တော့်အိမ်မက်တွေ လဲလျောင်း
မာကျောရင့်သီးခြင်းတွေ ထောင်းထောင်းကြေ…
ပျော်ရွှင်ခြင်းတွေ
ပြိုးပြက်လက်…နေ…ဖူးခဲ့……။
ဒီလိုနဲ့ …
သူမအကြောင်း ဖတ်စာအုပ်ကို
ရင်ထဲကနေထုတ်
ကျောက်ရုပ်တစ်ရုပ်ဖြစ်ဖူးခဲ့…။
သူမနဲ့ ဝေးရမယ့် အကြောင်းတွေး
မှိုင်တွေငေးဖူးခဲ့ …။
သူမပျော်ရွှင်ခြင်း ကို စိတ်ကူး
အရူးတစ်ယောက်လိုပျော်မြူးဖူးခဲ့ ..။
သူမ နင်းလျှောက်ဖို့ရည်စူး
နှင်းဆီလှလှတွေ ခူး
ဆူးတွေလည်း စူးဖူးခဲ့ …။
တကယ်တော့
သူမက …
မေတ္တာငတ်မွတ်နေတဲ့
လိပ်ပြာလေးတွေရဲ့ချစ်သူ……
ဖြူစင်တဲ့ ရည်မှန်းချက် တစ်ခုနဲ့
ှရှင်သန်ရပ်တည်သူ ……
မွှေးပျံ့တဲ့ ရနံ့နဲ့ ကမ္ဘာကြီး ကို လှပစေသူ
ကျွန်တော်ကလွဲပြီး
ဘယ်သူ့ကိုမှ
မြတ်နိုးပိုင်ခွင့်ပေးမထားသူ……။
ပန်းထံခစား လိပ်ပြာများခင်ဗျား……
အဝေးကနေ အမှာပါးလိုက်ချင်ပါရဲ့ …
" ချစ်ခြင်းမေတ္တာဟာ
ဘာမှမဟုတ်ခဲ့ဘူး …ဆိုရင်တောင်
အဲ့ဒီ ဘာမှမဟုတ်တဲ့အရာနဲ့
နှလုံးသွေးတွေ လည်ပတ်အသက်ဆက်ခဲ့တာ…
သက္ကရာဇ်ပေါင်း …မြောက်များစွာပါပဲ …ထိပ်ထား ဧကရီ ……"
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments