ယဉ်ကျေးမှု ကဗျာငယ်များ
*******************
မယ်တော်နှင့် အစ်မတော်ထံသာ စကားဝင်ရန် အချစ်သဝဏ်လွှာပြန်ကြားခဲ့သော ရွှေဆင်းတု မင်းသမီး
(သက္ကရာဇ် ၁၀၀၀ခန့်)…တဲ့။
(သက္ကရာဇ် ၁၀၀၀ခန့်)…တဲ့။
ခေါင်းစဉ်လေးကို စိတ်ဝင်စားလို့ ပန်းတိုင်ဦးသန်းမောင်စုစည်းထားတဲ့
မှတ်တမ်း ကဗျာများစာအုပ်လေးထဲက သူ့အကြောင်းနဲ့ သူ့ကဗျာလေးကို
အရင်ဖတ်ကြည့်မိပါတယ်။
ရေးထားတဲ့ကဗျာလေးကလည်း အင်မတန်
လေးစားဖွယ်ရာကောင်းလွန်းလှပါတယ် ……။ခံစားချက်
အပြည့်ပါတဲ့ပိုဒ်စုံရတုကလေးနဲ့ သူ့သဘောထားကို ဖော်ပြထားပုံလေးက
ချစ်ခင်မြတ်နိုးဖွယ်ရာ ဖြစ်နေပါတယ် ။
" လွယ်လွယ်ကူကူ ချစ်မည်ဟူ၍
ဘုန်းတူပွင့်ရန် မိန့်တော်ဟန်ကို တုံ့ပြန်သော်လဲ အလွန်ခဲခဲ့ မင်းရဲရန်ငူး
ငုံပွင့်ဖူးလျှင် ကျေးဇူးတာရှည် ခံစိမ့်မည်ဟု ပိုက်လည်ချိုသာ ပျားသကာသို့
သစ္စာကျိန်တွယ် အကယ်ကယ်လျှင် ယုံမှားလျှင်းအောင် စာစောင်ခေါက်များ သ
လှာငြားလည်း နားမနာဝံ့ ကြောက်ရွံ့ ခံ့ညား အရှင့်သားကို ဝိုဝါး ကြံစည်
တွေးသေးသည်……"
"ရွယ်ရွယ်ချူချူ ကြိုက်သောဟူ၍ မျိုးတူအင်မျှ
ဆိုစကြသို့ နရဘုန်းဝှန် မိန့်တော်ဟန်ကို လျှောက်ပြန်သေးအံ့ မဝံ့သည်ဖြစ်
အချစ်သွေ့သွေ့ လနှယ်ရွေ့မူ တစ်နေ့အသစ် တစ်နှစ်တစ်ပါး ကဲ့ရဲ့ များချိမ့်
သနားမမည် တတည်တည်လျှင် လူ့ပြည်၌တွင် ပြစ်တင်လွယ်ကူ ဆိုသူကားပည်း
ချီးမွမ်းနည်းခဲ့ ခမည်းတော်ရင်း လူ့မှန်ကင်းနှင့် ထွန်းလင်းလျှံပတ်
ရှစ်သောင်းထွတ်လျှင် နှုတ်လွတ်သာပျော် မိန့်တော်ပြတ်ပြတ် ခွင့်မလွှတ်မူ
ကျွန်ဝတ်အရှင် ခဲအင်မောလှ ယူမရတည့် ကြောင့်ကြကြီးဘိ မျက်စိဆင်းရဲ
ဝမ်းကွဲလှည့်ကာ ရှိရာလတ္တံ့ ကြံ့ငံ့ မလှုပ် မေတ္တာရုပ်၍ ကျွန်ုပ်
အရည်မေးသေးသည်……"
"နွယ်နွယ်ယူယူ ဇမ္ဗူကျွန်းချက် မင်းဆက်တကာ
ပျော်ပိုက်ရှာသို့ ငါလည်းထိုသွင် မျိုးအင်မစစ် အချစ်တာရှည် မြဲတော့မည်ဟု
ယုံကြည်လျှင်း အောင် လက်ဆောင်ထွေလာ သဝဏ်စာနှင့် နန်းလျာရန်ငူး
လှည့်ပတ်ဖြူးလည်း ကိုယ်ထူးမယ့်မှာ မချစ်သာခဲ့ မေတ္တာခဲကျိ ဝမ်းထဲရှိမူ
မွေးမိမယ်တော် မျိုးဖော်အရင်း အစ်မ မင်းကို သံညင်းမြွက်ဟ မိန့်မှသာလျှင်
တူကွမကွာ ပျော်ရပါအံ့ စကြာမင်းသွေး သက်လုံးပေး၍ ဂုဏ်ကျေးဇူးတော်
ခံရသော်လည်း သာပျော်ကြည်လင် သို့ပင်မချစ် ရှင်သော်ပစ်ချိမ့် ကြာနှစ်
မြင့်ဆန်း အကျွန်းကျွန်းလျှင် မည်မှန်းမသိ ရှိရာလတ္တံ့ ရှည်ငံ့ထောက်ထား
ရှင်မင်းသားကို စကားတာရှည်သွေးသေးသည်……" တဲ့။
ရွှေဆင်းတု
မင်းသမီးလေးဟာ သက္ကရာဇ် ၉၉၅ မှာနန်းတက်ခဲ့တဲ့ သာလွန်မင်းတရားကြီးနဲ့
မိုးနဲစော်ဘွားသမီး ခင်သက်နှင်းတို့မှ ဖွားမြင်သူလေး ဖြစ်ပါတယ်။နာမည်
အပြည့်အစုံက ခင်မရွှေဆင်းတု ဖြစ်ပါတယ်။
သာလွန်
မင်းတရားကြီးရဲ့မြေးတော် မင်းရဲအောင်တင်က ရွှေဆင်းတု မင်းသမီးကို
ချစ်ကြိုက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။မင်းသမီးကသူကိုယ်တိုင်
မင်းသားမင်းရဲအောင်တင်ကို ပြန်လည်မေတ္တာရှိပေမယ့်လည်း အိနြေ္ဒရှင် ပီပီ မိဘ
အစ်မတို့ရဲ့ သဘောထားကို ဦးထိပ်ထားပြီး"မယ်တော်နဲ့
အစ်မတော်ခွင့်ပြုတော်မူမှ" ဆိုတဲ့သဘောနဲ့ရတုတစ်ပုဒ်ပြန်ကြားလိုက်ပါတယ်။
ရှေးခေတ် မြန်မာအမျိုးသမီးလေးရဲ့ အိနြေ္ဒကြီးပုံ မိဘ ကို အစ်မကို ဦးထိပ်ထားပုံလေးကို အရမ်းသဘောကျမိပါတယ်။
ကဗျာလေးဖတ်ပြီး ကျွန်မဆက်တွေးမိတယ် ။ တကယ်တော့" မြန်မာ မိန်းကလေး " ဆိုတာ
ရာဇဝင်အဆက်ဆက် သိမ်မွေ့ခဲ့သူတွေပါ။ အိနြေ္ဒ သိက္ခာနဲ့ပြည့်စုံခဲ့သူတွေပါ။
ပျော့ညံ့ပြီး အားကိုးလွယ်လွန်းခြင်းကို သဘောမကျလှပေမယ့် သိမ်မွေ့ခြင်းကိုတော့ နှစ်ခြိုက်မိပါတယ်။ ပျော့ညံ့ခြင်း နဲ့သိမ်မွေ့ခြင်း မတူသလို ထက်မြကိခြင်းနဲ့ ကလက်တက်တက် နိုင်ခြင်း ကလည်း တစ်ခြားစီပါ ။ ထက်မြက်ပြီးယဉ်ကျေးတဲ့ မဒမ်ကျူရီလို ပိုလန်သူ သိပ္ပံပညာရှင် အမျိုးသမီးကြီးအကြောင်းကို ဖတ်မိရင် ရင်ထဲ လေးစား အားကျမိသလို အိနြေ္ဒ ကြီးပြီး အနေအထိုင် သိပ်သည်းတဲ့ ရှေးခေတ်က မြန်မာအမျိုးသမီး တွေ အကြောင်း သိရတဲ့အခါ ကြည်နူးစိတ်နဲ့ ပီတိဖြစ်မိပါတယ်…။

တကယ်တော့ ……
မိန်းကလေး ……ဆိုတာ ကြည်နူးနှစ်သက်ခြင်းတွေ အဆုံးမရှိ ဖိတ်လျှံစီးဆင်းစေနိုင်တဲ့ နိုင်ငံရဲ့ အံ့သြဖွယ်ရာ ယဉ်ကျေးမှုကိုယ်စားပြု ကဗျာ ငယ်လေးတွေပါ ။ကျွန်မတို့ ပြုသမျှ အမူ အရာတိုင်း ……ကျွန်မတို့ ဆင်ယင်တဲ့ ဝတ်စား နေထိုင်မှုစရိုက်တိုင်း ကျွန်မတို့နှုတ်ထွက်တဲ့ အပြော အဆိုတိုင်းဟာ နောင်တစ်ချိန်မှာ ကျွန်မတို့ ယဉ်ကျေးမှု သမိုင်းတွေပါ။နောင်တစ်ချိန် တိုင်းတစ်ပါးမနှောတဲ့ မြန်မာ စစ်စစ် ယဉ်ကျေးမှု တွေ ကျန်နေရစ်ဖို့ ကျွန်မတို့မှာ တာဝန် အရှိဆုံးလို့ထင်မိပါတော့တယ်။ ။

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

0 Comments