ကိုင်းထိပ်ဖူးမှာ ပွင့်စဦးသစ် ယခု လှစ်သည့် ရွှေရစ်ပန်းပြာ ခပ်မာမာလေး ……။ လှမ်းမီပေမယ့် မောနေပါ့မယ် … ခူးမလွယ်ဘူး …… …တဲ့ ………
ကြိုက်လွန်း၍ အခါခါ အထပ်ထပ် ရွတ်ဆိုမိသော ဆရာမ ကြည်အေး ၏ ကဗျာ အပိုင်း အစလေး တစ်ခု ဖြစ်ပါသည်။
သဇင် ပန်း လို မြင့်မား မော်ကြွား ကာ ဂုဏ်ဒြပ်တွေ ဟန်ပန်တွေ မရှိလျှင်သာ
နေရမည်။ မိန်းကလေး များအားလုံးသည် မိမိပညာ နှင့် မိမိ ကိုယ်ကျင့်တရားနှင့်
မိမိ ၏ ယဉ်ကျေးသိမ်မွေ့မှုနှင့် လွှမ်းခြုံလိုက်သော အခါ ကိုင်းထိပ်ဦးမှာ
ပွင့်နေသော ပန်းပွင့် မာမာလေးများကဲ့သို့
ဘဝတွင်ခပ် ဝံ့ဝံ့ရပ်တည် နိုင်ကြမည်ဟု ယုံကြည်မိသည် ……။
ထက်မြက်မှုနှင့် ကလက်တက်တက် နိုင်မှုသည် တစ်ခြားစီ။ထို့အတူ တုံးအ မှုနှငိ့
ရိုးသားခြင်းကလည်း ပြဒါးတစ်လမ်းသံတစ်လမ်းပင်။ အမျိုးသမီး တစ်ယောက်သည် လည်း
လူသားတစ်ဦးပင်။ စွမ်းဆောင်နိုင်သည်။အောင်မြင်နိုင်သည်။ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်နိုင်သည်။
သို့သော် အလှအပ နှင့် ပြိုင်ဆိုင်မှု ပိုက်ကွန်အောက်တွင် တငြိငြိ ပျော်ဝင်
နေလျှင်မူ ထို ဂုဏ်တုဂုဏ်ပြိုင်များ ကြားတွင် စုန်းစုန်းနစ် ကာ
အဖိုးတန်သော လူ တစ်ဦး လုံးလုံး ဖြစ်တော့မည်မဟုတ်ပေ။ "ငါက ဘာ ဝတ်နိုင်တယ်
ငါ့ရည်းစားကတော့ ဘယ်လို တော်တာ ငါ့အဖေကတော့ဖြင့် ဘယ်လို ချမ်းသာတာ "
စသည်ဖြင့် မိမိ၏ ပကတိ တန်ဖိုးများနှင့် လားလားမျှ မသက်ဆိုင်သော အကြောင်း
အရာ များကို ဂုဏ်ယူ ဖွယ်ရာ ပြောဆို ပြိုင်ဆိုင်နေခြင်းသည် မိမိ၏
စွမ်းဆောင်ရည်ကို သွယ်ဝိုက်သောနည်းဖြင့် နှိမ့်ချ နေခြင်းပင်ဖြစ်သည်။
တစ်လွဲ မာန နှင့် ကြွားဝါမှုဟူသည် ကြွသော သွင်ပြင်လက္ခဏာ ရှိပြီး ကျဆင်း
ခြင်းသည်သာလျှင် အဆုံးရှိသည် မဟုတ်ပါလား။
အချစ်သည်
လောကတွင် အရေးကြီးသောကြည်နူးဖွယ်ရာ အခနိးကဏ္ဍ တစ်ခု ဖြစ်ကြောင်း ဝန်ခံပါသည်။
တစ်ဖက်ကလည်း အချစ်ဟူသည် အေးအတူ ပူအမျှ ဘဝ ကို ရင်ဆိုင်နိုင်ခြင်း ဟုသာ
ယူဆလိုသည်။ ဘဝတိုးတက်ရေး အတွက် နားလည်မှုအပြည့်နှင့် ဖေးမကူညီကြမည်။
တစ်ခါတစ်လေလည်း စိတိကူးယဉ် ဆန်ဆန် အမှတ်တရများပြုလုပ်ကြမည်။တစ်ယောက်နှင့်တစ်ယောက် မေတ္တာအစစ်အမှန်နှင့်ချစ်ကြမည်။
ပျော်စရာ ကောင်းရပါမည်။ သို့သော် အချစ် ကို ခုတုံး လုပ်ပြီး ဘဝကို အလှအပ
များတွင် နစ်မြုပ်လိုခြင်း ကိုတော့ ရာနှုန်းပြည့်သဘောထားကွဲလွဲရပေလိမ့်မည်။မိန်းကလေးဟူသည်
ယောက်ျား တစ်ယောက်ဘဝ အတွက် ဝေယျာဝေစ္စ များ ဖြည့်ဆည်းပေးရမယ် ဟူသော
သဘောတရားကိုထား။ ထို သဘောတရား၏ နောက်ကွယ်က စိတ်ထားများ မာန များ အတွက်တော့
စိတ်မကောင်းဖြစ်မိသည်။ " ငါ့ယောက်ျားက ဘယ်လို အာဏာရှိတာ ဘယ်လို ချမ်းသာတာ
ငါလုပ်ချင်တာ လုပ်မယ် ဂရုမစိုက်ဘူး " ဟူသော အယူအဆများ ။"ဘာမှတတ်စရာ
မလိုဘူး ယောက်ျား ကောင်းကောင်းကို ယူနိုင်ရင် အေးဆေးပဲ " ဟူသော
ခံယူချက်များဖြင့် မိမိ၏ တန်ဖိုးကို သက်တောင့် သက်သာ ဖြစ်ရေး ဟူသော အဖိုးအခ
ဖြင့် လဲလှယ်ယူ ကြမည် ဆိုလျှင် ဝမ်းနည်း ဖွယ်ရာ ကောင်းလွန်းလှပါသည်။
ကျွန်မဘဝတွင် လမင်းကြီးနှင့်ပိုးစုန်းကြူး
တစ်ခုခု ကြိုက်ရာ ဖြစ်ခွင့်ရမည် ဆိုလျှင် ပိုးစုန်းကြူးသာ
ဖြစ်ခွင့်ရချင်လှပါသည်။ သူတစ်ပါးပေးသော အလင်းရောင်နှင့်
တဖိတ်ဖိတ်တောက်အောင် မလင်းချင်ပါ ။ကိုယ်ပိုင် အလင်းရောင်နှင့် မလက်တလက် သာ
အမှီအခို ကင်းကင်း တခမ်းတနား လင်းချင်လှပါသည်။
မိန်းမ
မဆန်ဘူးဟု ဆိုချင်ဆို "စိန်ခြူးကြာညောင် " သီချင်းဖြင့် အလွမ်းတွေကို
တမော့တမော ကနွဲ့ကလျဖြင့် မခင်းကျင်းချင်လှပါ ။ "ဘယ်လို အဆုံး သတ်ရမလဲ
ဆိုတာ ကျွန်မက ပြောပေးရဦးမှာလား " ဟု ခပ်ပြတ်ပြတ်ပြောတတ်သော ……အဆုံးမရှိ
သုတလွင်ပြင်တွင် လွင့်မျောကာ ဘယ်လောက်မောမော ခပ်သောသော ရယ်တတ်သော
နိုဘယ်လ်ဆု နှစ်ခုပိုင်ရှင်မဒမ်ကျုရီ လို ကိုယ့်အားကိုယ်ကိုး ခေါင်းမာမာ
အမျိုးသမီး မျိုးကိုသာ နှစ်ခြိုက်သဘောကျမိပါတော့သည်။
ဝတ်မှုံလေး၏ စာအိမ်ငယ်
0 Comments