စာမေးပွဲ အတွင်းက အချစ်သံစဉ်
*********************
" စိတ်ဖိစီးမှုများတတ်တဲ့ စာမေးပွဲ ချိန်အတွင်းက ဆေးဝါးတက္ကသိုလ်ကျောင်းသူ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို နားလည်မှ ကိုယ့်ကို တကယ်ချစ်တယ်လို့ သတ်မှတ်မယ်"
ဒီလိုဆုံးဖြတ်ထားပေမယ့် ဘယ်လောက် ထိုးထိုး တစ်ကျပ်ဖိုးတောင် မပေါက်နို်င်အောင် ကံတွေဆိုးတဲ့ အောင်ဘာလေထီကို စိတ်မနာနိုင်သလို ပုံစံမျိုးနဲ့ မင်းကို ထပ်ထပ်တိုးပြီး ချစ်မိတယ်။မင်းသိဖို့ကောင်းလှပါတယ်။

စာမေးပွဲချိန်တွင်းမှာ တို့တွေဟာ …နဂိုမကြည်နှမ တွေဖြစ်နေတတ်တယ်။ ပျိုမဒီအလှ တွေကို အပိုရယ်မပြပါနဲ့ ငိုပြီဟ ဆိုပြီး အသဲပြဲနဲ့အော် နှစ်ယောက်ကြားမှာ အဖုအထစ်ကလေးတွေပေါ်လာတတိတယ်။ဒါကို မင်းသိသင့်တယ်လေ……။
မိန်းကလေးတွေရဲ့စိတ်ဓာတ်ဆိုတာက ဖုန်းလိုင်းတွေလိုပဲ အမြဲကျကျနေတတ်ပြီးလျှပ်စစ်မီးလိုပဲ ဘယ်အချိန်လာ ဘယ်အချိန်ပြတ့်  ခန့်မှန်းရခက် တတ်တယ်မဟုတ်လား။စာမေးပွဲဖြေတဲ့အချိန်မှာ မိုးလေဝသ သတင်းထဲက မုန်တိုင်းသတင်းကြောင့် မိုးရွာရွာ မရွာရွာ ဆက်သွယ်မှုတွေအကုန် ဖြတ်တောက်ပစ်လိုက်သလို မိန်းကလေး တွေရဲ့ပျော်ရွှင်တဲ့စိတ်ဟာလည်း အကြောင်းမဲ့သက်သက်ဖြတ်တောက်ခံလိုက်ရတတ်တယ်သဘာဝပေမို့ စိတ်မငြိုငြင်ဖို့ ချစ်သူ မဖြစ်ခင်ကတည်းက ကိုယ် ကြိုတင်တောင်းပန်ထားသားပဲချစ်သူ ……။
ခွေးလျားသီးပင်ကိုကြည့်ပါ။အမှုန့် ဖြစ်ဖြစ် အခဲဖြစ်ဖြစ်…ဘယ်လိုပဲအသွင်ပြောင်းပြောင်း ယားစေတတ်တဲ့ဂုဏ်သတ္တိ ကတော့ ရှိနေဆဲ။တည်မြဲတဲ့တို့တွေရဲ့ အချစ်လိုပေါ့။ကလေးလေးတွေ ညှစ်လိုက်တဲ့ နှပ်တွေလို ချွဲပစ်တဲ့စကားလုံးတွေ မသုံးတတ်တာမို့
စာက မာဆတ်ဆတ်ကြီးဖြစ်သွားရင် ခွင်လွှတ်ခြင်း ဆိုတဲ့စိတ်နဲ့ နူးအောင်ပြန်ပြုတ်ဖို့ အရေးဆိုချင်ပါတယ် ချစ်သူ ။သတိရတမ်းတခြင်း ဆိုတဲ့ လျှပ်စစ်မီးက ပြတ်နေရင် စွန့်လွှတ် အနစ်နာခံတတ်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တူတဲ့ မီးသွေးမီးကို (ကျေးဇူးပြု၍ ) လက်အပေခံပြီးမွှေး နူးနပ်တဲ့ စကားလုံးပူပူနွေးနွေးလေးကို သုံးဆောင်လှည့်ပါနော် ။ဒီလို စကားလုံးတွေနဲ့ တို့တွေ ကြည်နူးခဲ့ကြဖူးတာ အခု ရေဘူးထောင် စာကျက်နေရင်း သတိရလို့ ပြုံးမိပါသေးတယ် :) :) :P
တကယ်တော့ အချစ်ဆိုတာဟာ ပလာယာနဲ့တူပါတယ်။ဝါယာကြိုးနဲ့တူတဲ့ ဘယ်လို အခက်အခဲဖြစ်ဖြစ် သူ့စွမ်းအားနဲ့ ကိုက်ဖြတ်ပစ်နိုင်တယ်လေ။အခန်းထဲက ဖုန်မှုန့်တွေလိုပေါ့။ဘယ်လောက်ပဲဖယ်ရှားရှား နောက်တစ်နေ့ကျ ပြန်ရောက်လာတာမျိုး။တကယ်ချစ်တဲ့သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲက ဖယ်ပစ်လို့ရရိုးထုံးစံမရှိဘူး မဟုတ်ပါလား။
စာမေးပွဲအချိန်မှာ တို့တွေရဲ့စိတ်ဟာ လမ်းကြမ်းကြမ်း မှာ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ကားစုတ်ကြီးထဲက ခြင်းတောင်း အဟောင်းကြီးမှာ ထည့်ထားခံရတဲ့ဘဲဥတွေလိုပဲ။အရှိန်မရွေး ကွဲလွယ်တယ် ။ရှလွယ်တယ်။ဒါကို ဆေးဝါးကျောင်းသူ ရဲ့ချစ်သူဖြစ်တဲ့မင်း ……
"စိတ်ပုပ်တယ်" လို့ definition ဖွင့်လို့ မရ ။ မင်းရဲ့ ဒေါသတွေကို အဆုံးစွန်ထိ ချထားရလိမ့်မယ် ချစ်သူ။ ဒီလိုမှမဟုတ်ရင် တော့ အင်နာဗွန်စီ ကြော်ငြာ ထဲကလို ကိုယ်လည်း အရှုံးတွေနဲ့ ရင်ဆိုင်ရသလို မင်းလည်း အမုန်းတွေနဲ့ရင် ဆိုင်ရပါလိမ့်မယ်။
ကိုယ်တို့တွေဟာ ရေဒီယို က " ခုံအမှတ် ၁၂၃ မဝတ်မှုံရွှေရည် သင်ခနိးစာ တာဝန်များကို ကျန်းမာစွာထမ်းဆောင်လျက်ရှိပါတယ်" လို့ကြေညာပေးသင့်တဲ့ အရေးပေါ် မှုတွေ စိုးရိမ်ကြောင့်ကြမှုတွေနဲ့အတူ သင်ခနိးစာ မှာ အမှားမပါစေရေးဘဝ တိုက်ပွဲတွေဆင်နွှဲ အသည်းအသန် လေ့လာနေကြ ရသူတွေပါ။ "ဆေးဝါးတက္ကသိုလ်ကျောင်းသူများ၏ ပါရမီဖြည့်ဖက်ကောင်းလေးများ " ထဲက တစ်ယောက်ဖြစ်တဲ့မင်း ဟာ ဒါတွေသိပြီးသား ဖြစ်မှာမို့ အကျယ်ချဲ့ မရှင်းတော့ပါဘူး။
မှန်တာပြောရင် supply နဲ့round လွတ်ရပါစေရဲ့ ……
Ginger ကိုကြည့်တော့ မင်းအပြုံးလေးကို မြင်တယ် ……
paracetamol လေး မြင်တော့ မင်းနေမကောင်းရင် တိုက်ချင်တယ်…
calamine lotion လေးကို မင်းအသားအရည်အေးစေရေး လက်ဆောင်ပေးချင်တယ်……။
ဒီလိုနဲ့
မင်းအကြောင်းတွေစိတ်ထဲစွဲ
conical flask တွေ ခွဲခဲ့တာလည်း များခဲ့ပြီ ……
မင်းအကြောင်းပဲ အမြဲတွေး
MCQ တွေရွှီးကာရေး…
ကိုယ့်အမှတ်တွေ minus ပေးခံခဲ့ရတာလည်း များခဲ့ပြီ……။
မင်းအကြောင်း ခေါင်းထဲရောက်
ဂျူတီကုတ် လည်း ခဏခဏ ပျောက်ခဲ့ဖူးပြီ……။
ချစ်သူရေ……
final exam ကိုရောက်
ကိုယ်တကယ်ကြောက်တာမို့ …
စာတွေ တကယ် ပျောက်လို့မဖြစ်တဲ့အဆုံး
ကိုယ် အပီအပြင် "ကျုံး " တော့မယ်
ကဲ …
ကိုယ့်စိတ်ထဲက……
နည်း…နည်း……လေး……ဖယ်။
:P :P :P

(ကံကောင်းကြပါစေ ညီမလေးတို့ရေ လွတ်လွတ် ကျွတ်ကျွတ် အောင်ကြပါစေသတည်း)
WHP (pharmacy မှ ပေါက်ကရရေးနေသူတစ်ဦး )

Post a Comment

0 Comments